စစ်ကောင်စီဟာ တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချဖို့ ကြိုးစားနေလို့ NUG ဝန်ကြီးချုပ်ဆို

Author အညာသား
Categories
Published on Jul 17, 2024

စစ်ကောင်စီလုပ်ဆောင်နေတဲ့အခြေအနေအရ တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် ဦးမန်းဝင်းခိုင်သန်းက အစိုးရအဖွဲ့အစည်းဝေးမှာ ထည့်သွင်းပြောကြားပါတယ်။

 

၎င်းက NUG ရဲ့  ယခုနှစ် ဇူလိုင် ၁၆ ရက်နေ့ကကျင်းပတဲ့ အမှတ်စဉ်(၂၀) အစိုးရအဖွဲ့အစည်းအဝေးမှာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

 

“ဒီလပိုင်းထဲ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်ရေးရဲ့ ဦးတည်ရာတွေက အရမ်းမြန်မြန်ဆန်ဆန်၊ လှုပ်လှုပ်ခပ်ခပ်ဖြစ်နေတာကို တွေ့ရသလို စစ်ကောင်စီအနေနဲ့ နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေတဲ့သူအလား ကယောင်ချောက်ချား ထင်ရာစိုင်းနေတာတွေကိုလည်း နေ့စဥ်နဲ့အမျှ ကြားသိမြင်တွေ့နေရတယ်” လို့ ဦးမန်းဝင်းခိုင်သန်းက ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ ရွှေဆိုင်၊ ဆန်ကုန်သည်၊ ဘဏ်လုပ်ငန်းရှင်တွေ အရေးယူတာနဲ့ပတ်သက်ပြီး စီးပွားရေးမတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာလို့ NUG ဝန်ကြီးချုပ်က ပြောပါတယ်။

 

အဲဒီနောက် ပြည်ပရောက်အလုပ်သမားနဲ့ အလုပ်အကိုင်အေဂျင်စီတွေကို အခက်အခဲဖြစ်အောင် ကဖျက်ယဖျက် လုပ်နေတာတွေ၊ CDM ဝန်ထမ်းတွေကို ပြန်မဲဆွယ်နေတာကိုလည်း ၎င်းက ထည့်သွင်းပြောသွားပါတယ်။

 

အဲဒါတွေနဲ့ပတ်သက်ပြီး ၎င်းက “တိုင်းပြည်ကို အဆုံးထိ သူတို့နဲ့အတူ ဆွဲချသွားဖို့ ကြိုးစားနေတဲ့ပုံပဲ” လို့ ပြောသွားတာဖြစ်ပါတယ်။

 

NUG အစိုးရအနေနဲ့ စစ်ရေးအရှိန်မြှင့်မှုတွေရဲ့ နောက်ဆက်တွဲမှာ အုပ်ချုပ်ရေးဆိုင်ရာကိစ္စတွေ အပါအဝင် နိုင်ငံရေးဆိုင်ရာကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် စဥ်းစားထားကြရမယ့်အချိန်လည်း ဖြစ်ပါတယ်လို့ ၎င်းက ဆိုပါတယ်။

 

ဓာတ်ပုံ – ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန

 

 

Related News

Depend on news