မင်းလှက ရွာလေးရွာမှာ စစ်မှုထမ်းကင်းလွတ်ခွင့်ရဖို့ တစ်အိမ်တစ်သောင်းနှုန်းနဲ့ နှစ်လဆက်တိုက် အုပ်ချုပ်ရေးမှူးက ငွေကောက်ခံ

Published on Jun 17, 2024

ပဲခူးတိုင်း(အနောက်ခြမ်း)၊ မင်းလှမြို့နယ်ထဲက အိမ်ခြေထောင်နဲ့ချီရှိတဲ့ ထောက်ကျန့်အုပ်စုမှာ စစ်မှုထမ်းခေါ်ဆောင်ခံရခြင်းမှ ကင်းလွတ်ခွင့်ရနိုင်ဖို့ အုပ်ချုပ်ရေးမှူးက နှစ်လဆက်တိုက် ငွေကောက်ခံနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ထောက်ကျန့်အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က မေလ ၂၃ ရက်မှာ စစ်မှုထမ်းကင်းလွတ်ဖို့ တစ်အိမ်ကို တစ်သောင်းကျပ် ကောက်ခံခဲ့ပြီး ဇွန်လ ၁၄ ရက်ကလည်း တစ်အိမ် ငွေတစ်သောင်းကျပ် ထပ်မံကောက်ခံခဲ့တယ်လို့  သိရပါတယ်။

 

“ ပထမ တစ်ခါတုန်းကလည်း ပေးခဲ့တယ်။ ပြည်သူတွေက အလုပ်အကိုင်တွေအဆင်မပြေတာနဲ့ စားဝတ်နေရေးအခက်အခဲတွေကြားက အခုလိုပေးနေရတာ” လို့ အဲဒီဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ကျေးရွာဒေသခံတွေဟာ ပထမအကြိမ်ငွေပေးဆောင်ခဲ့ပေမဲ့လည်း စစ်ကောင်စီက ကျေးရွာ တစ်အုပ်စုကို စစ်မှုထမ်းဖို့အတွက် အမျိုးသား ခြောက်ဦးပေးရမယ်လို့ အစည်းအဝေးပြုလုပ်ခဲ့ပြီး အသိပေးခဲ့ပါတယ်။

 

စစ်မှုထမ်းဥပဒေကြောင့် ကျေးရွာရှိ လူငယ်တွေပြေးနေရပြီး စစ်မှုထမ်းနာမည်ပါသူတွေက တာဝန်မထမ်းဆောင်ဘူးဆိုရင် တစ်ဦးကို ကျပ်သိန်း (၃၀) ပေးရမယ်လို့ အုပ်ချုပ်ရေးမှူးက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ ကျေးရွာဒေသခံတွေက အဲဒီငွေပမာဏကို မပေးနိုင်တဲ့အကြောင်းပြောခဲ့ပြီးနောက် တစ်လကို တစ်အိမ် တစ်သောင်းကျပ်နှုန်းနဲ့ ဆားချောင်းကျေးရွာကနေ စတင်ကောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

 

ကောက်ခံရရှိငွေကို မင်းလှမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပေးဆောင်ရတယ်လို့ ကျေးရွာလူကြီးက ပြောခဲ့ပြီး နီးစပ်တဲ့ တခြားကျေးရွာအုပ်စုတွေမှာ ခုလိုလုပ်ဆောင်တာ မရှိတာကြောင့် ရာအိမ်မှူးတွေက သဘောမတူပေမဲ့ အုပ်ချုပ်ရေးမှူးနဲ့ မတည့်ပါက ရိုက်နှက်ဖိနှိပ်တာတွေရှိတဲ့အတွက် မလွန်ဆန်ရဲကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

 

ထောက်ကျန့်ကျေးရွာအုပ်စုမှာ ထောက်ကျန့်ကျေးရွာ၊ တောင်ပြတ်ရွာသစ်၊ တောင်ပြတ်ရွာမ၊ သရော်ကုန်၊ ဘန့်ဘွေးပင်နဲ့ ဆားချောင်း ကျေးရွာတို့ပါဝင်ပြီး အိမ်ခြေ တစ်ထောင်ခန့်ရှိတာ​ကြောင့် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာတွေဟာ တစ်လကို သိန်းရာချီ ရရှိနေတာဖြစ်ပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်