“မြန်မာနိုင်ငံမှာဖြစ်နေတဲ့.. ရာဇဝတ်မှုမျိုးစုံရဲ့ အဓိကလက်သည်တရားခံဟာ စစ်ကောင်စီပဲ”
ရခိုင်ပြည်အပါအဝင် နိုင်ငံတဝန်း စစ်မျက်နှာတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဘာသာရေး၊ လူမျိုးရေးမှိုင်းတိုက်တာအပါအဝင် မူးယစ်ဆေး၊ ဝါဒဖြန့်ချိရေးတို့ကို တွင်တွင်သုံးစွဲလို့နေပါတယ်။ အထူးသဖြင့် အကဲဆတ်တဲ့ ရခိုင်ဒေသမှာလည်း အဲဒီလို ဝါဒဖြန့်ချိရေးတွေလုပ်ဆောင်နေတယ်လို့ AA အပါအဝင် အကဲခတ်တွေက ပြောကြားထားပါတယ်။ အခုလည်း အာရက္ခတပ်တော် AA ဟာ ရခိုင်ဒေသကနေ အိမ်နီးချင်းနိုင်ငံတွေဆီ မူးယစ်ဆေးဝါးဖြန့်ဖြူးနေသူလို့ စစ်ကောင်စီက ခေါင်းစဉ်တပ်လိုက်ပြန်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး CJ Platform က AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ ဆက်သွယ်မေးမြန်းထားချက်များကို ကောက်နုတ်ဖော်ပြအပ်ပါတယ်။
“AA က မူးယစ်ဆေးဝါးဖြန့်ဖြူးနေတယ်လို့ စစ်ကောင်စီ စွပ်စွဲ”
ဇွန် ၁၆ ရက်က ပုသိမ်-မုံရွာ လမ်းအတိုင်း တောင်ကုတ်သို့ သယ်ဆောင်မယ့် မူးယစ်ဆေးပြား တစ်သန်းကျော် သယ်ဆောင်မယ့်သူ ၁၀ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပြီး အဲဒီမူးယစ်ဆေးဝါးတွေဟာ ကျောက်တော်မြို့နေ AA အဖွဲ့ခေါင်းဆောင်တစ်ဦးက ပိုင်ဆိုင်တာလို့ ဒီနေ့ ဇွန် ၁၇ ရက်ထုတ် စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေမှာ ရေးသားဖော်ပြလာပါတယ်။
အလားတူ ရှမ်းပြည်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ထုတ်တဲ့ မူးယစ်ဆေးဝါးတွေကို ပြည်တွင်းလမ်းကြောင်းကနေ ရခိုင်ပြည်ထဲကို သယ်ပြီး အဲဒီကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်သူတွေဆီ ပို့နေတာလို့ ဆိုပါတယ်။
အဲဒီနောက် ပင်လယ်ရေလမ်းကြောင်းကနေ မလေးရှား၊ အင်ဒိုနီးရှားနဲ့ တခြား နိုင်ငံတွေကို တင်ပို့နေတာလို့ စစ်ကောင်စီက စွပ်စွဲပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာဌာနမှာလည်း မှုခင်းမှတ်တမ်းတွေရှိတယ်လို့ ဆိုပါတယ်။
နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ပြည်တွင်းမငြိမ်သက်မှုကို အခွင့်ကောင်းယူပြီး သူတို့ထိန်းချုပ်ရာဒေသတွေကနေ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းနဲ့ စီးပွားရေးရှာနေကြတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောဆိုသွားပါသေးတယ်။
AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခရဲ့ တုံ့ပြန်ချက်
စစ်ကောင်စီဟာ သူတို့အကျအဆုံးတွေများပြီးတော့ အရှုံးနဲ့ ရင်ဆိုင်လာရပြီဆိုရင် သူတို့လက်ထဲမှာရှိတဲ့ မူးယစ်ဆေးဝါးတွေထုတ်ပြပြီး တခြားအဖွဲ့အစည်းတွေကို လုပ်ကြံစွပ်စွဲတိုက်ခိုက်တာ သူတို့ရဲ့ မရိုးနိုင်တဲ့နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးကိစ္စ၊ လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ ငွေကြေးခဝါချမှု စတဲ့ရာဇဝတ်မှုမျိုးစုံရဲ့ အဓိကလက်သည်တရားခံဟာ စစ်ကောင်စီပဲဖြစ်တယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကို အဓိကထုတ်လုပ်တင်ပို့နေတာဟာ စစ်ကောင်စီနဲ့ သူ့ရဲ့လက်ပါးစေ ပြည်သူ့စစ်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာတွေမှာဖြစ်တယ်။
အွန်လိုင်းလိမ်လည်မှုမျိုးစုံကိုလည်း မြန်မာစစ်တပ်နဲ့ သူ့ရဲ့ပြည်သူ့စစ်၊ နယ်ခြားစောင့်တွေ ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ လုပ်နေကြတာဖြစ်တယ်။
ဒါကြောင့် မြန်မာစစ်ကောင်စီဟာ ရာဇဝတ်မှုမျိုးစုံကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ရာဇဝတ်ဂိုဏ်းကြီးတစ်ခုပဲဖြစ်တယ်ဆိုတာ မြန်မာပြည်သူတစ်ရပ်လုံးသိသလို နိုင်ငံတကာကလည်း သိတဲ့ကိစ္စဖြစ်တယ်လို့ပြောလိုပါတယ်။