စစ်ကိုင်းက လက်နက်ကိုင်ခွင့်ရ ပျူစောထီးနေအိမ် ဝင်ပစ်ခံရလို့ ဇနီးသေဆုံး

Author မင်းထက်
Categories
Published on May 17, 2024

စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်က ပျူစောထီးဆိုသူတစ်ဦးရဲ့ နေအိမ်ကို မနေ့ မေ ၁၆ ရက် ည ၁၁ နာရီလောက်မှာ လက်နက်ကိုင်လူတစ်စုက ဝင်ရောက်ပစ်ခတ်လို့ လက်နက်ကိုင်ခွင့်ရထားတဲ့ ပျူစောထီး ဦးလှသန်းဌေး(ခ)မောင်မောင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး  ဇနီးဖြစ်သူကျည်ထိသေဆုံးသွားတယ်လို့ ဒေသခံတွေကတစ်ဆင့် သိရပါတယ်။

 

“လူတစ်စုက အိမ်ထဲထိ ဝင်ပစ်သွားတာလို့တော့ သိရတယ်။ ဘယ်သူတွေလဲ မသိဘူး။ အဲဒီပျူ လှသန်းဌေးအိမ်မှာ ၀င်ပစ်တော့ သူက ဒဏ်ရာရပြီး သူ့မိန်းမကတော့ ပွဲချင်းပြီးတယ်” လို့ ဒေသခံတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ဒေသခံပြည်သူတွေရဲ့ ပြောဆိုမှုအရ သိရပေမဲ့ အဲ့ဒီပျူစောထီးဆိုသူကို ပစ်ခတ်သူတွေဟာ ဘယ်အဖွဲ့အစည်းကလဲဆိုတာ CJ Platform အနေနဲ့ အတည်ပြုနိုင်မှုမရှိသေးဘဲ ဒေသတွင်းတော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်အသိပေးမှုကိုလည်း မတွေ့ရှိရသေးပေ။ နောက်ဆက်တွဲအခြေအနေတွေကိုတော့ စုံစမ်းနေတယ်လို့ အဲ့ဒီမြို့နယ် ပကဖ အဖွဲ့၀င် တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီအဖွဲ့တွေ လာရောက်စစ်ဆေးခဲ့ပြီးနောက် သေဆုံးဒဏ်ရာရသူတွေကို စစ်ကိုင်းပြည်သူ့ဆေးရုံကို သယ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

စစ်ကောင်စီလော်ဘီတွေရဲ့ ​ဖော်ပြချက်မှာတော့ အသက် (၄၂) နှစ်အရွယ် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦးမောင်မောင်(ခ)လှသန်းဌေးဆိုသူ နေအိမ်မှာရှိနေတုန်း PDF အမျိုးသား ခုနှစ်ဦးလောက်က ဆိုင်ကယ် လေးစီးနဲ့ရောက်ရှိလာပြီး  ပစ်ခတ်ခဲ့တဲ့အပြင် ဦးမောင်မောင်ကိုင်ဆောင်တဲ့ BA-63 သေနတ် တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ၎င်းကျည် ၃၀ တောင့်ကိုပါ PDF တွေက ယူဆောင်သွားကြတယ်လို့ ဖော်ပြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news