ဆားထွက်ဒေသတွေမှာ မိုးများနိုင်လို့ မေ ၂၀ မတိုင်ခင် အပြီးသိမ်းဖို့ မိုးဇလပညာရှင်သတိပေး

Author ကိုထားဝယ်
Categories
Published on May 17, 2024

ဆားထွက်ရှိရာဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်လို့ မေလ ၂၀ ရက်မတိုင်ခင် ဆားထုတ်လုပ်ခြင်းလုပ်ငန်းတွေကို အပြီးသတ်ထားကြဖို့ မိုးလေဝသပညာရှင် ဒေါ်စုစုစံက သတိပေးပြောကြားလိုက်ပါတယ်။

ဆားထုတ်လုပ်နေတဲ့ ဒေသတွေဖြစ်တဲ့ တနင်္သာရီတိုင်းက သရက်ချောင်း၊ လောင်းလုံး၊ ထားဝယ်၊ မွန်ပြည်နယ်က ရေး၊ စက်စဲ၊ ပင၊ ဝဲကလောင်၊ သံဖြူဇရပ်တို့နဲ့ ဧရာဝတီတိုင်းက လပွတ္တာဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်လို့ ဆားထုတ်လုပ်ခြင်းကို မေလ ၂၀ ရက်နေ့မတိုင်ခင် အပြီးသိမ်းဆည်းကြဖို့အကြံပြုလိုက်ပါတယ်ဆိုပြီး သူ့ရဲ့ တရားဝင်လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးလိုက်ပါတယ်။

 

ဒါ့အပြင် အဲဒီဒေသက အုတ်လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့လည်း မိုးရွာနိုင်လို့ သတိထားလုပ်ကိုင်ကြဖို့ ဒေါ်စုစုစံက အကြံပြုပါတယ်။

 

အလားတူ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း မေ ၁၇ မှ ၂၃ ရက်အထိ မွန်၊ တနင်္သာရီ၊ ဧရာဝတီတိုင်းတို့အပါအဝင် ချင်း၊ ကရင်၊ ရှမ်း၊ ကရင်နီ(ကယား)ပြည်နယ်တို့နဲ့ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းတို့မှာ နေရာစိပ်စိပ်မိုးရွာနိုင်တယ်လို့ ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

 

အဲဒီနောက် ရခိုင်ပြည်၊ မန္တလေး၊ မကွေးတိုင်းနဲ့ နေပြည်တော်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းပါတယ်။

 

ဓာတ်ပုံ – Su Su San Facebook

 

Related News

Depend on news