‘အစွမ်းရှိရင် လာလုပ်လှည့်လေ’ ဆိုပြီး PDF ကို စိန်ခေါ်တဲ့ ပခုက္ကူက စစ်ကောင်စီအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရလို့ သေဆုံး

Author မင်းထက်
Categories
Published on May 17, 2024

မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ပြည်သူကိုခြိမ်းခြောက်၊ ညှင်းပမ်းနှိပ်စက်နေသလို PDF တွေကိုစိန်ခေါ်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေါင်းစစ်သည် People Defence Force Pakokku(Pku PDF)မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့၊ နံနက် ၉ နာရီခွဲခန့်က အောင်သပြေရပ်ကွက်နေ အုပ်ချုပ်ရေးမှူး ဦးအောင်သူကို သွားရောက်ပစ်ခတ်ခဲ့ရာမှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ PKU PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

 

ဒီလိုမလုပ်ဆောင်မီ ၎င်းကို စာပို့တာ၊ ဖုန်းဆက်တာ စသဖြင့် သုံးကြိမ်သတိပေးခဲ့ပေမဲ့ ရှေ့ဆက်တိုးပြီး ပြည်သူတွေကို ဖိနှိပ်နေခဲ့တယ်လို့ အထက်ပါ တာဝန်ရှိသူက ပြောပါတယ်။

 

“နောက်ဆုံးကြိမ် ဖုန်းဆက်ပြီး သတိပေးတော့ သူက ‘မင်းတို့ အစွမ်းရှိရင် လာလုပ်လှည့်လေ’ ဆိုပြီး စိန်ခေါ်တာမျိုးတွေ လုပ်လာတော့ နောက်နေ့ သွားရောက်ရှင်းလင်းခဲ့ရတာပေါ့” လို့ သူက ပြောပါတယ်။

 

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး ဦးအောင်သူဟာ စစ်သား၊ ရဲ၊ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး ရပ်ကွက်ထဲ ကင်းပတ်တာတွေ လုပ်ဆောင်တဲ့အပြင် စစ်မှုထမ်းနဲ့ပတ်သက်ပြီး စစ်သားစုဆောင်းရေးတွေလုပ်ဆောင်ရာမှာ ဒေသခံတွေကို ခြိမ်းခြောက်မှုတွေအထိပါလုပ်ဆောင်ကြောင်း သိရပါတယ်။

 

ယင်းဖြစ်စဉ်ဖြစ်ပွားရာနေရာနဲ့ စစ်ကောင်စီဂိတ်မှာ မီတာ ၂၀ဝ ခန့်သာကွာဝေးတာကြောင့် တော်လှန်ရေးရဲဘော်တွေ အလျန်အမြန်ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

သေဆုံး ဦးအောင်သူကို အဲဒီနေ့(မေ ၁၅ ရက်) ညနေ ၄ နာရီမှာ သင်္ဂြိုလ်လိုက်တယ်လို့ ဒေါင်းစစ်သည်အဖွဲ့ဆီက သိရပါတယ်။

 

ဓာတ်ပုံ – PKU PDF