ရခိုင်တောင်ပိုင်းမှာ တိုက်ပွဲတွေပြင်းထန်လာလို့ တောင်ကုတ်က Non-CDM ဝန်ထမ်းတွေ ရန်ကုန်၊ နေပြည်တော်ကို တိမ်းရှောင်

Author လင်းနွေဦး
Categories
Published on May 17, 2024

ရခိုင်ပြည်၊ တောင်ပိုင်းဒေသရှိ သံတွဲ၊ ရွှေလှေ ဒေသတဝိုက်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့်  တောင်ကုတ်မြို့ပေါ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးအဖွဲ့အစည်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ Non-CDM ဝန်ထမ်းတွေ ဆက်လက်မနေထိုင်ဝံ့တော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ တောင်ကုတ်ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

တောင်ကုတ်မြို့ နဲ့ သံတွဲ၊ ရွှေလှေ ဒေသတွေဟာ ၁၅ မိုင်ဝန်းကျင်လောက်သာ ဝေးကွာပြီး သွားလာရလွယ်ကူတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

 

တောင်ကုတ်မြို့ပေါ်က ပညာရေးဝန်ထမ်းတွေ၊ ဆေးရုံ ဝန်ထမ်းတွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန (လ.ဝ.က)က ဝန်ထမ်းအများစုဟာ တိုက်ပွဲတွေနီးကပ်လာတာကြောင့် သက်ဆိုင်ရာ အရာရှိတွေနဲ့ မိသားစုဝင်တွေကို လာဘ်ထိုးပြီး နေပြည်တော်၊ ရန်ကုန်စတဲ့ မြို့ကြီးတွေဆီ ပြောင်းရွှေ့နေကြတယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။

 

“တိုက်ပွဲတွေဖြစ်တော့ သူတို့တွေ ဆက်မနေရဲတော့ဘူးလေ။ မြို့ကလည်း ကျဉ်းကျဉ်းလေးပဲလေ။ အကုန်သိနေရတာ။ ဆေးရုံဝန်ထမ်းတွေကော၊ ပညာရေးဝန်ထမ်းတွေကော၊ လ.ဝ.က ဝန်ထမ်းတွေကော တော်တော်များများ နေပြည်တော်နဲ့ ရန်ကုန်ကို ပြေးကြပြီ။ အကပ်ကောင်းသူတွေကတော့ မိသားစုလိုက် ဌာနဆိုင်ရာတွေမှာ ပြန်အလုပ်ဝင်ကြဖို့ လုပ်ကြတာပေါ့” လို့ တောင်ကုတ်မြို့ခံ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ထွက်ပြေးတိမ်းရှောင်သွားကြတဲ့ Non-CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီအခြေစိုက်ရာ နေပြည်တော်ကို အများဆုံး ထွက်ပြေးတိမ်းရှောင်သွားကြပြီး ရန်ကုန်ကိုတော့ အနည်းငယ်ပဲ ထွက်ပြေးကြတာဖြစ်တယ်လို့  Non-CDM ဝန်ထမ်းတွေနဲ့ နီးစပ်တဲ့ တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

 

“အများဆုံးပြေးတဲ့နေရာကတော့ နေပြည်တော်ပေါ့။ အဲဒီမှာ ပိုလုံခြုံတယ်ဆိုပြီးတော့ ပြောကြတာပေါ့။ ရန်ကုန်ကို ပြေးတဲ့သူတွေလည်း ရှိကြတယ်။ နေပြည်တော်ထက်စာရင် နည်းတာပေါ့။ ရန်ကုန်မှာဆို လစာမရမှာ စိုးလို့ဆိုပြီးတော့ ပြောကြတယ်။ ထွက်ပြေးပြီး ဌာနဆိုင်ရာတွေမှာ ပြန်မလုပ်တော့တဲ့သူတွေလည်း ရှိတယ်။ အဲဒီထဲမှာ လ.ဝ.က ဝန်ထမ်းတွေကော၊ ပညာရေးဝန်ထမ်းတွေကောပါတယ်” လို့ အသက် ၄၂ နှစ်အရွယ် အမျိုးသားက CJ Platform ကိုပြောပါတယ်။

 

အခုလို တောင်ကုတ်မြို့ပေါ်က Non-CDM ဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်မှု မလုပ်ခင်ကတည်းက ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေလို့ နီးစပ်ရာ ကျွန်းဒေသတွေဆီ မြို့ပေါ်နေပြည်သူတွေ ထွက်ပြေးတိမ်း‌ရှောင်သူတွေရှိသလို ပြည်မြို့နဲ့ ရန်ကုန်မြို့တွေဆီ သွားရောက်တိမ်းရှောင်မှုတွေ ရှိခဲ့တာကြောင့်  ရခိုင်တောင်ပိုင်းဒေသ မြို့ပေါ်လူဦးရေဟာ သုံးပုံတစ်ပုံလောက်သာ ကျန်ရှိတော့တယ်လို့ ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။

 

ပုံစာ – တောင်ကုတ်မြို့ဝင် တစ်နေရာကို တွေ့မြင်ရစဉ် (ပုံဟောင်း)