စစ်ကောင်စီ လက်နက်ကြီးဒဏ်ကြောင့် တောင်ငူ ၇ မိုင်ရွာက ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်းရှောင်

Published on May 16, 2024

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ တောင်ငူမြို့နယ် ၇ မိုင်ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ ညကစပြီး လက်နက်ကြီး/ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်နေလို့ ဒေသခံ ရာနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ၇ မိုင်ကျေးရွာဘက်ကို မနေ့ည ၈ နာရီကနေစပြီး ဒီနေ့မနက် ၄ နာရီထိ မကြာခဏဆိုသလို လက်နက်ကြီး/ငယ်တွေနဲ့ ပစ်ခတ်ခဲ့လို့ ဦးတင်ညွန့် (၆၀)နှစ် ရင်ဘတ်ကို ထိမှန်ပြီး (မစိုးရိမ်ရ) ဒဏ်ရာရခဲ့တယ်လို့ ၇ မိုင်ကျေးရွာ ဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

“ဘယ်ကနေ ပစ်နေတာလဲ မသိရသလို စစ်ကောင်စီနဲ့ ဘယ်သူတွေ (တိုက်ပွဲ)ဖြစ်နေတာလည်း မသိဘူး။ ညက ၈ နာရီကနေ ၁၂ နာရီကျော်တဲ့ထိ အိမ်ရှေ့ကိုထိမှန်တော့ နောက်ဖေးပြေးဝင်လိုက် ပြန်ထွက်လာတော့ ပစ်ပြန်ရော၊ ခဏတိုင်းပစ်တာ။ လက်နက်ကြီးအသံတွေတဝုန်းဝုန်းဘဲ ဦးတင်ညွန့်ကို ရင်အုံအောက်နားကို ရှပ်ထိသွားတယ်”လို့ သူက ပြောပါတယ်။

၇ မိုင်ကျေးရွာမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကျေးရွာဒေသခံတွေ ဘေးလွတ်ရာကို ရှောင်တိမ်းနေရပြီး ဆက်တိုက်ကယ်ထုတ်ပေးနေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

“ ခုမနက်ပိုင်းတော့ ငြိမ်နေတယ်။ ဒါပေမဲ့ စိတ်မချရလို့ တစ်ရွာလုံးကပြေးကြတာပေါ့။ ခုထိခေါ်ထုတ်နေရဆဲပဲ” လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ၇ မိုင်ကျေးရွာ နေအိမ်တချို့ ပျက်စီးခဲ့ရပြီး လူဦးရေ ၁၀၀ ကျော်ခန့်ထွက်ပြေးတိမ်းရှောင်နေရသလို အခု မနက် ၁၀ နာရီလောက်မှာ ငြိမ်နေတယ်လို့ သိရပါတယ်။

မေလ အစပိုင်းလောက်ကစပြီး တောင်ငူ- သံတောင်လမ်း ၇ မိုင်နဲ့ ၅ မိုင် အနီးနားရှိကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေကြား နေ့တိုင်းနီးပါး တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာကြောင့် ဒေသခံတွေထိခိုက်ဒဏ်ရာရတာနဲ့ နေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေမြင့်တက်လာတယ်လို့ KNLA သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ဓာတ်ပုံ- လူမှုကွန်ရက်