စစ်ကောင်စီ လေကြောင်းရန်ကြောင့် သေဆုံးခဲ့သူများအတွက် လေယာဉ်သပိတ်ပြုလုပ်

Author အညာသား
Categories
Published on Apr 17, 2024

မြေပြင်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ဘက်အရပ်ဘက်မရွေး လေယာဉ်ဗုံးကြဲမှုများပြုလုပ်နေရာတွင် ၎င်းတို့၏ လေယာဉ်ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရသည့် ပြည်သူများအတွက် အောက်မေ့ဖွယ် လှုပ်ရှားမှုတစ်ခုကို ယနေ့ ဧပြီ ၁၇ ရက် နှစ်ဆန်းတစ်ရက်တွင် ပြုလုပ်ခဲ့သည်။

စစ်ကောင်စီ ဆန့်ကျင်ရေး အာဏာဖီဆန်တော်လှန်ပုန်ကန်လှုပ်ရှားမှုတစ်ရပ်အနေဖြင့် စက္ကူလေယာဉ်ငယ်များခေါက်ချိုးပြုလုပ်ကာ ‘လေယာဉ်တွေမြင်တဲ့အခါ.. ဘယ်တော့မှ မမေ့ဘူး’ ၊ ‘စစ်တပ်ရဲ့ လေယာဉ်ဗုံးကြောင့် သေဆုံးသွားတဲ့ ပြည်သူတွေကို သတိရပေးပါ’ စသည့်စာသားများရေးကာ မီးရှို့ခြင်း၊ လမ်းမများပေါ်ဖြန့်ကြဲခြင်းများလုပ်ဆောင်ခဲ့ကြသည်။

အဆိုပါလှုပ်ရှားမှုကို လူထုတိုက်ပွဲတစ်ရပ်အဖြစ် Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community နှင့် တော်လှန်ပြည်သူများက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးလက်နက်ကိုင်အင်အားစုများနှင့် ရင်ဆိုင်တိုက်ပွဲဝင်နေရသော စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် ရင်ဆိုင်တိုက်ခိုက်နိုင်မှုလျော့နည်းကာ လေကြောင်းကိုသာ အဓိကထားနေရသည်။ အဆိုးရွားဆုံးလုပ်ရပ်မှာ စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ဘေးရှောင်စခန်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာကျောင်းများပါမကျန် ဒေသခံနေအိမ်များပေါ်အထိ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုများစွာရှိခဲ့သည်။

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတို့ကြား ရခိုင်ပြည်တစ်ဝှမ်း တိုက်ပွဲများပြင်းထန်နေရာ စစ်ကောင်စီက အရပ်သားနေရာများကို လေယာဉ်ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ မကြာခဏပြုလုပ်နေသည့်အတွက် ရခိုင်ပြည်တွင် သင်္ကြန်ရက်များအတွင်း လူစုလူဝေးလုပ်ခြင်းများကို ရှောင်ကျဉ်ရန် ရက္ခိုင့်တပ်တော် AA က  ဧပြီလ ၁၁ ရက်နေ့က သတိပေးချက်ထုတ်ပြန်ခဲ့သည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်