ရွှေပြည်သာတွင် သာဓုကန်ဘုရားပွဲသို့လာသည့် ယာဉ်သုံးစီး ဆင့်တိုက်၊ ၂၂ ဦးဒဏ်ရာရ

Author ကိုထားဝယ်
Categories
Published on Apr 17, 2024

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်အတွင်း နှစ်စဉ်ကျင်းပလေ့ရှိသော သာဓုကန်ဘုရားပွဲတော်သို့ သွားရောက်သည့် ဘုရားဖူးယာဉ်သုံးစီးဆင့်တိုက်မှု ယနေ့ နေ့လယ်ပိုင်းတွင် အမှတ် ၄ လမ်းမပေါ် ငါးကန်လမ်းထိပ်တွင် ဖြစ်ပွားကြောင်း မြို့ခံများထံမှ သိရသည်။

ထို့ကြောင့် ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် သာဓုကန်ဘုရားသို့လာရောက်သည့် ဘုရားဖူးယာဉ်Light Truck ယာဉ်က ရှေ့မှယာဉ်ကို ကျော်တက်ရာ ဘေးတွဲဆိုင်ကယ်ကို ရှောင်လိုက်ရာမှ တစ်ဖက်ယာဉ်ကျောပေါ်ရှိ ဘုရားဖူးယာဉ်များဖြစ်သည့် Canter နှင့် Bongo ယာဉ်တို့ကို ထပ်မံတိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ကနဦး ၂၀ ဦး ဒဏ်ရာရရှိခဲ့ရာမှ နောက်တွင် နှစ်ဦးတိုးလာပြီးနောက် အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၄ ဦးဖြင့် ဒဏ်ရာရသူစုစုပေါင်း ၂၂ ဦးအထိ ရှိလာခဲ့ခြင်းဖြစ်သည်ဟု ရွှေပြည်သာမြို့နယ်အခြေစိုက် ရွှေမေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။

ရန်ကုန် သင်္ကြန်အတွင်း အကြိုနေ့မှ အတက်နေ့ထိသာ ရေကစားကျသော်လည်း ရွှေပြည်သာမြို့၊ သာဓုကန်ဘုရားတွင်မူ နှစ်ဆန်းတစ်ရက်နေ့အထိ ရေပက်ကစားလေ့ရှိကြသည်။ ထို့ပြင် သာဓုကန်အတွင်းသို့ ငါးလွှတ်ခြင်း၊ ဘုရားပေါ်တွင် ဥပုသ်သီလဆောက်တည်သူများနှင့် မြို့နယ်အစုံမှ ဘုရားဖူးများဖြင့် စည်ကားလေ့ရှိသည်။

 

သို့သော် ယခုနှစ်များအတွင်း စည်ကားခြင်းမရှိဘဲ လူအနည်းငယ်သာ လာရောက်ကြကြောင်း မြို့ခံများက ပြောသည်။

 

“အာဏာသိမ်းပြီးနောက်ပိုင်းနှစ်တွေမှာ ဘုရားပွဲက သိပ်မစည်တော့ဘူး။ ဒီနှစ်လည်း အတူတူပဲ။ ဟိုးအရင်နှစ်တွေကဆို ကားတန်းတင်ပဲ အရှည်ကြီးရယ်။ ရွှေပြည်သာကွေ့ကနေ သာဓုကန်လောက်အထိရှိတဲ့အထိ စည်ခဲ့တာ” ဟု ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။

 

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း