ထိုင်း ဆုန်ခရန်ပွဲတော် ခြောက်ရက်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူ(၂၄၀)ကျော်သေဆုံးပြီး ၁၈၀၀ ကျော်ထိခိုက်

Author အဂ္ဂ
Categories
Published on Apr 17, 2024

ထိုင်းနိုင်ငံ၏ ဆုန်ခရန်ပွဲတော် ခြောက်ရက်အတွင်း ယာဉ်မတော်အဆမှုများကြောင့် လူပေါင်း(၂၄၃)ဦးသေဆုံးကာ (၁,၈၃၇)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသတွင်းမီဒီယာတစ်ခုဖြစ်သည့် Bangkok Post သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

 

ဆုန်ခရန်ပွဲတော်ဆင်နွှဲရန် အလုပ်သမားအများစု မိမိတို့၏ နေရပ်သို့ ပြန်ကြသည့်ကာလဖြစ်သော ဧပြီလ ၁၁ မှ ၁၆ ရက်နေ့အထိ ခြောက်ရက်အတွင်း ယာဉ်မတော်တဆမှုပေါင်း (၁,၈၁၁)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ပညာရေးဝန်ကြီး Permpoon Chidchob က ယနေ့ (ဧပြီလ ၁၇) ရက်နေ့တွင် ပြောကြားသည်။

 

ယာဉ်မတော်တဆမှုများ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းတွင် မော်တော်ဆိုင်ကယ်များ ပါဝင်ပတ်သက်နေသည်ဟု သိရသည်။

 

ထိုင်းနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးခရိုင်တစ်ခုဖြစ်သည့် ချင်းရိုင်ခရိုင်သည် ယာဉ်မတော်တဆမှု အမြင့်ဆုံးဒေသအဖြစ် (၇၁)ကြိမ်အထိဖြစ်ပွားခဲ့ပြီး သေဆုံးသူဦးရေ (၁၅)ဦးဖြင့် သေဆုံးသူအများဆုံးဒေသလည်းဖြစ်သည်။

 

ထို့ပြင် မြောက်ပိုင်းခရိုင်တစ်ခုဖြစ်သည့် ပရဲခရိုင်တွင်မူ ထိခိုက်သူ (၆၈)ဦးဖြင့် ထိခိုက်ဒဏ်ရာရရှိမှု အများဆုံးဒေသဖြစ်ခဲ့သည်။ ထိုင်းနိုင်ငံ၏ ဆုန်ခရန်ပွဲတော်အတွင်း ခရိုင် (၇၇) ခုအနက် (၉) ခုတွင်သာ ယာဉ်မတော်တဆမှုကြောင့် ထိခိုက်သေဆုံးမှုမရှိခဲ့ကြောင်း မစ္စတာ Permpoon က ဆိုသည်။

 

လမ်းအန္တရာယ်ကင်းရှင်းရေးလှုပ်ရှားမှု၏ နောက်ဆုံးနေ့ဖြစ်သည့် ဧပြီ (၁၆) ရက်နေ့ တစ်ရက်တည်း ယာဉ်မတော်တဆမှု (၂၄၂)မှုအထိဖြစ်ပွားခဲ့ကာ (၃၂)ဦးသေဆုံးသည့်အပြင် (၂၃၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယာဉ်မတော်တဆမှုများတွင် သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင်၍ ထိခိုက်သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ယာဉ်တိုက်မှုများ၏ ၃၇ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ ထို့ပြင် ယာဉ်မတော်တဆမှုများတွင် အရက်သောက်၍ မောင်းနှင်ခြင်းကြောင့် ၂၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် အခြားယာဉ်များရှေ့မှ ကြားဖြတ်ကျော်တက်ခြင်းကြောင့် ၂၁ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်။

 

လက်ရှိ ဆုန်ခရန်ခရီးသွားအများစုသည် လုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်သည်ဟု မစ္စတာ Permpoon က ပြောသည်။

 

ထိုင်းနိုင်ငံတစ်ဝန်းတွင် ဧပြီလ (၁၁) ရက်နေ့မှ (၁၆) ရက်နေ့အထိ ယာဉ်စည်းကမ်းချိုးဖောက်မှုပေါင်း (၅,၇၈၆) မှုရှိပြီး ၉၆ ဒသမ ၆ ရာခိုင်နှုန်းမှာ အရက်သောက်သုံး၍ မောင်းနှင်ခြင်းဖြစ်သည်ဟု အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ruangsak Suwaree က ဆိုသည်။ အရက်သောက်ပြီးမောင်းနှင်မှုသည် ဘန်ကောက်မြို့တွင် (၄၉၃)မှုဖြင့် အများဆုံးဖြစ်ပြီး ထို့နောက်တွင် စမွတ်ပရာကန် (၃၁၃)မှုနှင့် ချင်းမိုင် (၃၀၂) မှုတို့ အစဉ်လိုက်ရှိနေသည်။

 

ဓာတ်ပုံ – Prasit Tangprasert