ရေစကြိုမြို့ပေါ်တွင် သင်္ကြန်တွင်းပျော်ပါးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်၊ တစ်ဦး သေဆုံး

Author လဂွန်းအိမ်
Categories
Published on Apr 17, 2024

စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့နယ်၊ ထွေအုပ်ရုံးရှေ့မဏ္ဍပ်တွင် သင်္ကြန်ပွဲအတွင်း ပျော်ပါးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကြောင်း Myingyin Black Tiger(MBT)အဖွဲ့ထံမှ သိရသည်။

 

ယင်းတိုက်ခိုက်မှုကို ဧပြီလ(၁၄)ရက် သင်္ကြန်အကျနေ့တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၄၀ မမ လက်နက်ကြီးတစ်လုံးအပြင် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ ဧပြီ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

 

“ရန်သူ့(စစ်ကောင်စီ)ဘက်က ၆၀ မမ လေးလုံး၊ ၈၁ နှစ်လုံးပေါ့နော်။ ပြီးတော့ ကမ်းနားလမ်းတွေထိ ကျွန်တော်တို့ရဲ့ ပျောက်ကြားရဲဘော်တွေကို လိုက်ပစ်ပါတယ်။ ပြီးတော့ ပြည်သူ့နေအိမ်နှစ်လုံးကို မီးရိူ့ခဲ့ပါတယ်ဗျ” ဟု MBT တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက CJ Platform သို့ပြောသည်။

 

အင်အား ၈၀ ခန့်ဖြင့်တပ်စွဲထားသော ရေစကြိုမြို့၊ စုပေါင်းရုံးက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်များ၏တိုက်ခိုက်ခံရအပြီး လက်နက်ကြီး/ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် ထင်းတန်းနှင့် နဂါးရုံရပ်ကွက်တို့ရှိ နေအိမ် နှစ်လုံးကို မီးရှို့ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

ထိုတိုက်ခိုက်မှုကို Myingyan Black Tiger (MBT)နှင့် YSO-TPG ပျောက်ကြားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း MBT တပ်ဖွဲ့တာဝန်ရှိသူက ဆိုသည်။

 

ဓာတ်ပုံ – Myingyan Black Tiger (MBT)