မော်တင်စွန်းဘုရားပွဲတော် စပြီ

Author CJ Platform
Categories
Published on Feb 17, 2026

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မှာ နှစ်စဉ် တပေါင်းလတိုင်း ကျင်းပနေကြဖြစ်တဲ့ မဟာမကုဋရံသီဘွဲ့အမည်ရှိတဲ့ မော်တင်စွန်းဘုရားပွဲတော်ကို ဖေဖေါ်ဝါရီ ၁၆ရက်နေ့ကစတင်ပြီး ကျင်းပပြုလုပ်နေပြီဖြစ်တယ်လို့ ဒေသတွင်း ဘုရားဖူးတွေဆီက သိရပါတယ်။

 

မော်တင်စွန်းဘုရားပွဲကို တပေါင်းလဆန်း (၁)ရက် ဖေဖေါ်ဝါရီ ၁၆ရက်နေ့ကနေစတင်ပြီး တပေါင်းလပြည့်နေ့ မတ် ၂ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

ဘုရားပွဲတော်ကို သွားရောက်လည်ပတ်နိုင်ရေးအတွက် ပုသိမ်မြို့ကနေ နေ့စဉ် ရှပ်ပြေးနှစ်ထပ်ရေယာဉ်တွေကို ညစဉ် ၂စင်း ပြေးဆွဲပေးနေပြီး ဖေဖေါ်ဝါရီ ၂၁ရက်နေ့ကစတင်ကာ ဘုရားပွဲတော် ပြီးဆုံးသည်အထိ ညစဉ် ၄စင်းအထိ ထပ်တိုးပြေးဆွဲပေးမယ်လို့ သိရပါတယ်။ ဒါ့အပြင် ကုန်းလမ်းခရီးက သွားရောက်လိုသူတွေအတွက်လည်း မော်တော်ယာဉ်တွေကို ထပ်တိုးပြေးဆွဲပေးနေတယ်လို့ ဒေသတွင်း ဘုရားဖူးတွေဆီက သိရပါတယ်။

 

“ဒီနှစ်ပိုစည်မယ်လို့ ဒေသခံတွေက ပြောနေကြတယ်၊ မနှစ်က တိုက်ပွဲနဲ့ စစ်တပ်က စစ်ဆေးရေးအရမ်းဆိုးတော့ ကုန်းလမ်းက သိပ်မသွားကြဘူး၊ ဘုရားပွဲအစမှာတင် အတော်လေး စည်ကားနေပြီ၊ လပြည့်နီးရင် ပိုစည်မယ်ထင်တယ်”လို့ ဟိုင်းကြီးကျွန်းမြို့ခံ တစ်ဦးက ပြောပါတယ်။

 

အခုနှစ် ဘုရားပွဲတော်မှာ ဘုရားဖူးတွေ အခမဲ့တည်းခိုနိုင်တဲ့ နေရာတွေကို တိုးချဲ့ထားရှိပေးထားတယ်လို့လည်း သိရပါတယ်။

 

မော်တော်စွန်းဘုရားပွဲဟာ အနောက်ဘက် ကမ်းခြေတလျှောက်မှာရှိတဲ့ ဘုရားပွဲတော်တွေအနက် အစည်ကားဆုံးဘုရားပွဲတစ်ခုဖြစ်ပါတယ်။ ဘုရားပွဲတော်ကို သွားရောက်လည်ပတ်မယ့် လူငယ်တွေကို စစ်အုပ်စုက ပေါ်တာမဆွဲစေဖို့ ကုန်းလမ်းခရီးထက် ရေလမ်းခရီးကိုသာ ပိုမိုအသုံးပြုသွားလာကြဖို့ကိုလည်း ဒေသခံတွေက အကြံပြုပါတယ်။