သင်္ဃန်းကျွန်းမှာ ဖြိုလက်စတိုက် ပြိုကျလို့ ၃ ဦး ဒဏ်ရာရ

Author ကိုထက်
Categories
Published on Jul 01, 2024

ရန်ကုန်မြို့၊ သင်္ဃန်းမြို့နယ်၊ သုဝဏ္ဏ၊ သုဝဏ္ဏဇေယျသုခလမ်းထဲရှိ ဖြိုလက်စတိုက် မနေ့(ဇွန်လ ၃၀)ရက် ညနေပိုင်းက ပြိုကျလို့ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မေတ္တာညွှန့်လူမှုကယ်ဆယ်ရေးအသင်းထံမှ သိရပါတယ်။

 

“အဲဒီတိုက်က လက်ရှိပြန်ဖြိုနေတာပေါ့နော်။ လုပ်နေရင်း ပြိုကျတာပြောတယ်။ အလုပ်လုပ်နေတဲ့အလုပ်သမား သုံးဦးဒဏ်ရာရပြီး ပိတ်မိနေလို့ မီးသတ်တပ်ဖွဲ့က ကူညီခဲ့ပါတယ်” လို့ ၎င်းက ပြောပါတယ်။

အမျိုးသား သုံးဦးရဲ့ ဒဏ်ရာမပြင်းထန်ခဲ့ဘဲ သင်္ဃန်းကျွန်းစံပြဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

ရန်ကုန်မှာ အိုဟောင်းနေတဲ့ အဆောက်အအုံ ရုတ်တရက်ပြိုကျမှုများ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်တွေမှာ ခပ်စိတ်စိတ်ဖြစ်ခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဇွန်လ တစ်လအတွင်း တိုက်ဟောင်း ခြောက်လုံးအထိ ပြိုခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

 

ဓာတ်ပုံ – မေတ္တာညွှန့်လူမှုကယ်ဆယ်ရေးအသင်း