ဒေသကာကွယ်ရေးတပ်တွေပူးပေါင်းဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေး ခြောက်ရက်မြောက်နေ့ စစ်ကောင်စီတပ်စခန်း ၂ ခု ထပ်သိမ်း၊ စစ်သား သုံးဦးသေပြီး အများအပြားစခန်းစွန့်ခွာထွက်ပြေး

Author လဂွန်းအိမ်
Categories
Published on Jul 01, 2024

ရှမ်းမြောက်တင်မက မန္တလေးတိုင်းထဲအထိ တစ်ကျော့ပြန်ဆင်နွှဲနေတဲ့ ၁၀၂၇ စစ်ဆင်ရေး‌ ခြောက်ရက်မြောက်နေ့မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့တို့က စစ်စခန်းတစ်ခုစီကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ PSLF/TNLA ရဲ့ မနေ့ဇွန်လ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တအောင်းပြည် တပ်မဟာ(၂) စစ်ဒေသ မိုးကုတ်မြို့နယ်ရှိ ရွှေမျက်ဝန်းစစ်ကောင်စီတပ်စခန်းကို မနေ့ မနက်အစောပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် ညနေပိုင်းမှာ တအောင်းတပ် TNLA က သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

 

ဒါ့အပြင် အဲဒီမြို့နယ် ရွှေလိပ်ပြာစခန်းအနီး ပြန်ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွှေသာယာဘက်ကို စစ်ကောင်စီဘက်က ၆၀ မမ လက်နက်ကြီး ၁၄ လုံးခန့်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီနောက် TNLA နဲ့ PDF( မိုးကုတ်ဗျူဟာ)၊ PDF (၅၁၃)တပ်၊ မိုးကုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့လည်း မိုးကုတ်မြို့ထဲ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် TNLA၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ၆၀၇ တပ်ရင်းနဲ့ PDF ပူးပေါင်းတပ်တွေဟာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တွင်းငယ်နဲ့ မိုးမိတ်မြို့တို့ကို ဆက်သွယ်ထားတဲ့လမ်းပိုင်းမှ ကင်းချောင်းတံတားစောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး တွင်းငယ်နဲ့ မိုးမိတ်လမ်းကို အပြည့်အဝထိန်းချုပ်နိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ယင်းကင်းချောင်းစခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိတဲ့အပြင် ဒဏ်ရာရသူအများအပြားဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ကို စွန့်ခွာထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။

 

နောင်ချိုမြို့နယ်ရှိ တစ်ခုထဲသာကျန်တော့တဲ့ စစ်ကောင်စီရဲ့ ခမရ (၆၀၆)တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ရေးအတွက် TNLA၊ DPLA၊ MDY PDF တို့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပြီး ကျောက်မဲမြို့ပေါ်မှာတော့ အခြေအနေတွေ တိတ်ဆိတ်ငြိမ်သက်နေတယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA