နိုက်ဂျီးရီးယားမှာ အမျိုးသမီး အသေခံဗုံးခွဲသမားတွေကြောင့် အနည်းဆုံး လူ ၁၈ ဦးသေဆုံး

Author အဂ္ဂ
Categories
Published on Jul 01, 2024

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ အမျိုးသမီး အသေခံဗုံးခွဲသူတွေဟာ မင်္ဂလာဆောင်၊ ဈာပနအခမ်းအနားနဲ့ ဆေးရုံတစ်ရုံတို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက မနေ့ ဇွန် ၃၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

 

နိုင်ငံအရှေ့မြောက်ပိုင်းက ဂေါ်ဇာ (Gwoza) မြို့မှာ မင်္ဂလာဆောင် အခမ်းအနားကျင်းပနေတဲ့ နေ့လယ် သုံးနာရီဝန်းကျင်မှာ အမျိုးသမီးတစ်ဦးက အသေခံဗုံးဖောက်ခွဲခဲ့တယ်လို့ ဘော်နို (Borno) ပြည်နယ်ရဲ့ အရေးပေါ်စီမံခန့်ခွဲမှုဌာနရဲ့  ညွှန်ကြားရေးမှူး ဘာကင်ဒိုဆိုင်ဒူ (Barkindo Saidu) က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

 

အဲဒီနောက် မိနစ်အနည်းငယ်အကြာမှာ အထွေထွေရောဂါကုဆေးရုံအနီးနဲ့ ဈာပနအခမ်းအနားတစ်ခုတို့မှာ အသေခံဖောက်ခွဲတိုက်ခိုက်ခဲ့ကြတာလို့ ၎င်းက ပြောပါတယ်။

 

“တတိယမြောက် ဗုံးခွဲတိုက်ခိုက်မှုကတော့ ဈာပန အခမ်းအနားတစ်ခုမှာ ပူဆွေးဝမ်းနည်းနေတဲ့ အမျိုးသမီးအသွင်ယူပြီး အသေခံဗုံးခွဲသမားက လုပ်ဆောင်ခဲ့တာပါ။ အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်” လို့ မစ္စတာ ဆိုင်ဒူက ပြောပါတယ်။

 

အခုအချိန်ထိတော့ ဒီဗုံးဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့တော့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ဂေါ်ဇာမြို့ဟာ ၂၀ဝ၉ ခုနှစ်ကနေစတင်ခဲ့တဲ့ အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တစ်ခုဖြစ်တဲ့ ဘိုကိုဟာရမ် (Boko Haram) တို့ရဲ့ သောင်းကျန်းမှုဒဏ်ကို အပြင်းအထန် ခံနေရတဲ့ ဘော်နိုပြည်နယ်ထဲမှာ တည်ရှိနေတာပါ။

 

နိုင်ဂျီးရီးယား၊ နိုင်ဂျာ၊ ချဒ်နဲ့ ကင်မရွန်းနိုင်ငံ လေးခုဆုံရာမှာ တည်ရှိနေတဲ့ ချဒ်ရေကန်တဝိုက်က နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုတွေကြောင့် လူပေါင် ၃၅,ဝ၀ဝ ကျော်သေဆုံးခဲ့ရကာ လူဦးရေ ၂ ဒသမ ၆ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့တဲ့အထိ ကြီးမားလှတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကြီးကို ဖြစ်ပေါ်စေခဲ့ပါတယ်။

 

ဘိုကိုဟာရမ်တွေဟာ အစ္စလာမ်မစ်နိုင်ငံ (Islamic State) အဖွဲ့ရဲ့ မဟာမိတ်အဖွဲ့တစ်ခုဖြစ်ပြီး အနောက်အာဖရိကမှာ ရေနံပေါကြွယ်ဝတဲ့ နိုက်ဂျီးရီးယားနိုင်ငံမှာ အစ္စလာမ်မစ်နိုင်ငံတစ်ခု တည်ထောင်လိုနေတာလည်း ဖြစ်ပါတယ်။

 

နိုက်ဂျီးရီးယားနိုင်ငံမှာ လူဦးရေ သန်း ၁၇၀ ကျော်ရှိပြီး အဓိကအားဖြင့် နိုင်ငံတောင်ဘက်ခြမ်းမှာ ခရစ်ယာန်ဘာသာဝင်တွေနေထိုင်ပြီး နိုင်ငံမြောက်ဘက်ခြမ်းမှာတော့ အစ္စလာမ်ဘာသာဝင်အများစုရှိပြီး အရေအတွက်ကတော့ တဝက်စီ နီးပါးရှိကြတာလည်း ဖြစ်ပါတယ်။

 

အရင်ကလည်း ဘိုကိုဟာရမ်တွေဟာ အရွယ်ရောက်ပြီးသား မိန်းကလေးတွေအပါအဝင် အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်တွေကိုပါ အသေခံဗုံးခွဲ တိုက်ခိုက်ရာမှာ အသုံးပြုခဲ့ဖူးပြီး အဲဒီလူတွေဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းက သူတို့တွေပြန်ပေးဆွဲခဲ့တဲ့ ထောင်ပေါင်းများစွာသော အမျိုးသမီးတွေထဲက ဖြစ်တယ်ဆိုတဲ့ သံသယတွေလည်း ရှိခဲ့ဖူးပါတယ်။

 

ဘော်နိုပြည်နယ်တွင်း အခုလို အသေခံဗုံးခွဲတိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာကြောင့် ဒေသတွင်း လုံခြုံရေးအခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေလည်း သိသိသာသာ မြင့်တက်လျက်လည်း ရှိပါတယ်။

 

“ဒဏ်ရာရရှိသူတွေဟာ ဝမ်းဗိုက်ပိုင်း ပေါက်ပြဲကုန်တာတွေကနေ ဦးခေါင်းခွံနဲ့ ခြေလက်တွေ ကျိုးပဲ့ခြင်းတွေအထိ ပါဝင်တယ်” လို့ မစ္စတာ ဆိုင်ဒူက ပြောပါတယ်။

 

“ဂေါ်ဇာမြို့မှာ ဆေးဝါးတွေပြတ်လက်နေတာတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အရေးပေါ်ဆေးဝါးတွေကို စုဆောင်းထားပြီး ရဟတ်ယာဉ်တစ်စင်းရနိုင်ဖို့လည်း ဒီကနေ့ညမှာပဲ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။

 

လက်ရှိမှာတော့ ဂေါ်ဇာမြို့ကို အာဏာပိုင်တွေက ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ဂေါ်ဇာမြို့နဲ့ နှစ်ကီလိုမီတာ (တစ်မိုင်ကျော်သာ) ဝေးတဲ့ ပယ်လ်ကာ (Pulka) မြို့မှာ သံသယဖြစ်ဖွယ် အခြားအသေခံဗုံးခွဲသမား ရှိနေတယ်လို့ သတင်းပေးပို့ တိုင်ကြားချက်တွေ ရှိနေတာကြောင့် ပြည်သူတွေကတော့ အထိတ်ထိတ် အလန့်လန့်အနေအထားနဲ့ သတိကြီးကြီးထားပြီး နေနေကြရပါတယ်။

 

ဂေါ်ဇာမြို့ဟာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ကျောင်းသူ ၂၇၆ ဦးကို ဘိုကိုဟာရမ်တို့ ပြန်ပေးဆွဲခဲ့တဲ့ ဘော်နိုပြည်နယ် တောင်ပိုင်းက ချီဘော့ (Chibok) မြို့နဲ့ ကီလိုမီတာအနည်းငယ် အကွာမှာ တည်ရှိနေတဲ့ မြို့ဖြစ်ပါတယ်။ အဆိုပါကျောင်းသူတွေထဲက ၁၀ဝ နီးပါးဟာလည်း အခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းထားခြင်းခံရဆဲဖြစ်ပါတယ်။

 

အဲဒီအချိန်ကစလို့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ သူတို့တွေရဲ့ အကြမ်းဖက်လုပ်ရပ်များအတွက် ငွေကြေးနဲ့ ကျေးရွာတွေကိုပါ ထိန်းချုပ်နိုင်မယ့် အမြတ်အစွန်းများတဲ့ နည်းလမ်းတွေအဖြစ် နိုင်ငံတဝှမ်းက  ကျောင်းသူပေါင်း အနည်းဆုံး ၁,၅၀ဝ လောက်ကို ပြန်ပေးဆွဲခဲ့ကြပါတယ်။

 

ဓာတ်ပုံ- Illustration by Akila Jibrin/HumAngle.

 

ကိုးကား- ABC News