ဒိုင်နိုဆောတွေကို မျိုးသုဉ်းစေခဲ့တဲ့ ဂြိုဟ်သိမ်ရန်ကနေ လူတွေ လွတ်မြောက်နိုင်လား?


ဒိုင်နိုဆောတွေဆိုတာ ကမ္ဘာမြေပေါ်မှာ နှစ်သန်းနဲ့ချီကြာအောင် အုပ်စိုးမင်းမူခဲ့တဲ့ သက်ရှိတွေ ဖြစ်ပါတယ်။ ဘယ်အရာမှ မမြဲတတ်တဲ့ သဘောရှိလို့ သူတို့တွေရဲ့ အုပ်စိုးမှုကလည်း အချိန်တစ်ခုရောက်တော့ ချုပ်ငြိမ်းခဲ့ရတာပါပဲ။ ကေ-ပီဂျီလို့ ခေါ်တဲ့ သက်ရှိပျက်ကပ်တစ်မျိုးမှာ ဒိုင်နိုဆောမျိုးစိတ် အကုန်လုံးနီးနီး ကမ္ဘာပေါ်ကနေ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရပါတယ်။ ဘယ်လိုအကြောင်းကြောင့် သူတို့ မျိုးသုဉ်းသွားခဲ့ရတယ် ဆိုတာကတော့ လက်ရှိအချိန်ထိ အဖြေရှာမရသေးပါဘူး။ သမိုင်းမှတ်တမ်းတွေနဲ့ ကျန်ရစ်ခဲ့တဲ့ သက်သေအထောက်အထားတွေအရတော့ ဥက္ကာခဲ ဝင်တိုက်တယ်ဆိုတာကို ဖြစ်နိုင်ခြေရှိတယ်လို့ အများလက်ခံထားကြပါတယ်။ အဲဒီသက်ရှိပျက်ကပ်ကြောင့် ဒိုင်နိုဆောတွေတင်မကဘဲ ကမ္ဘာပေါ်မှာ ရှိနေတဲ့ သက်ရှိမျိုးစိတ် အတော်များများ မျိုးသုဉ်းပျောက်ကွယ်ခဲ့ရတာပါ။

 

အဲဒီလို ကြမ်းတမ်းလှတဲ့ အခြေအနေမှာတောင် အင်းစက်တွေ၊ နို့တိုက်သတ္တဝါတွေနဲ့ ငါးမျိုးစိတ်တချို့ ကမ္ဘာပေါ် ရှင်သန်ကျန်ရစ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက ကျန်ရစ်ခဲ့တဲ့ သက်ရှိတွေ ဆင့်ကဲပြောင်းလဲရင်းကနေမှ ဒီနေ့ခေတ် တိရစ္ဆာန်မျိုးစိတ်တွေ ဖြစ်လာတာပေါ့။

 

ကနေ့ခေတ်မှာတော့ ဒိုင်နိုဆောတွေတုန်းကလို ကမ္ဘာကို အလွှမ်းမိုးထားနိုင်ဆုံး သက်ရှိတွေနေရာဝယ် ကျွန်တော်တို့ လူတွေ ရောက်နေပါပြီ။ လူသားမျိုးစိတ်ကလည်းပဲ သက်ရှိတွေဖြစ်တဲ့အလျောက် အနာဂတ်တစ်ချိန်ချိန်မှာ ဒိုင်နိုဆောတွေလို မျိုးသုဉ်ပျောက်ကွယ်မယ့်ကိန်း ဆိုက်နိုင်ပါတယ်။ အဲဒီမှာ တွေးစရာရှိလာတာက ဒိုင်နိုဆောတွေသာ ဂြိုဟ်သိမ်ဝင်တိုက်တာကြောင့် မျိုးသုဉ်းခဲ့ရင် လူတွေဆိုရင်ရော အလားတူဖြစ်ရပ်မျိုးကို လွတ်မြောက်နိုင်ပါ့မလား ဆိုတာပါ။

 

ခပ်တိုတိုဖြေရင်တော့ လွတ်မြောက်နိုင်ပါတယ်။ လူတွေမှာ အဲဒီလို ကပ်ဘေးအန္တရာယ်တွေကို ကျော်လွှားနိုင်တဲ့ အစွမ်းသတ္တိမျိုး အနာဂတ်မှာ ရှိလာနိုင်ပါတယ်။ ဘီလျံနဲ့ချီတဲ့ လူတွေတော့ သေကျေပျက်စီးကြမှာ မှန်ပေမဲ့ လူသားမျိုးနွယ်တစ်ရပ်လုံး အမြစ်ပြုတ်သွားဖို့တော့ မရှိနိုင်ပါဘူး။ အသေးစိတ်သိရဖို့ ဒိုင်နိဆောတွေ အမှုန့်ဖြစ်ခဲ့တဲ့ ဂြိုဟ်သိမ် ဝင်တိုက်တာကနေ ပြန်ရစ်ကြည့်ကြရအောင်ပါ။

သုတေသနတွေအရ ဒိုင်နိုဆောမျိုးစိတ် အများစုကို မျိုးသုဉ်းပျောက်ကွယ်စေခဲ့တဲ့ ဂြိုဟ်သိမ်က လက်ရှိ မက္ကစီကိုနိုင်ငံနေရာကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ မက္ကစီကိုမြေမှာ ကျန်ရစ်ခဲ့တဲ့ ချိုင့်ဝှမ်းကြီးရဲ့ သက်တမ်းနဲ့ ဒိုင်နိုဆောတွေ ကမ္ဘာပေါ် ရှိနေခဲ့ချိန်ကို တိုက်ကြည့်တော့ အတော်လေး နီးစပ်နေတာကြောင့် ဒီလိုယူဆကြတာပါ။ ပညာရှင်တွေ ယူဆတာအရ ဂြိုဟ်သိမ်ရဲ့ အရွယ်အစားက ၁၀ ကနေ ၁၅ ကီလိုမီတာ အချင်း ရှိတယ်လို့ ဆိုပါတယ်။ ဝင်တိုက်တဲ့ အရှိန်ကြောင့် ၁၅၀ ကီလိုမီတာ အရွယ်ရှိတဲ့ ချိုင့်ဝှမ်းကြီး ပေါ်ပေါက်ခဲ့တာမျိုးပါ။

 

သမိုင်းမှတ်တမ်းတွေနဲ့ လေ့လာချက်တွေက ပြောတာတော့ ကမ္ဘာပေါ်ရှိတဲ့ သက်ရှိမျိုးစိတ်တွေကို အစုလိုက် အပြုံလိုက် မျိုးသုဉ်းသွားစေနိုင်တဲ့ ဂြိုဟ်သိမ် ဝင်တိုက်မှုမျိုးက အတော်ကို ရှားပါးပါတယ်။ အဲဒီကနေ သက်ရှိပျက်ကပ်ဖြစ်နိုင်ခြေကတော့ နှစ်ပေါင်း သန်းတစ်ရာကိုမှ တစ်ခါလောက်ပဲ ရှိတယ်လို့ ဆိုတာပါ။ ‘ဖြစ်နိုင်ခြေနည်းတယ်’ ဆိုတာ ‘မဖြစ်နိုင်တာ’ မဟုတ်လို့ အဲဒီလို ကြီးမားပြင်းထန်တဲ့ ဂြိုဟ်သိမ်ဝင်တိုက်မှုမျိုး အနာဂတ်မှာ တစ်ကြိမ်တစ်ခါ ဖြစ်လာနိုင်ပါသေးတယ်။ ဒိုင်နိုဆောတွေကို အမြစ်ဖြုတ်ခဲ့တဲ့ ဂြိုဟ်သိမ်ထက် ကြီးတဲ့ ဂြိုဟ်သိမ်မျိုးလည်း ဝင်ရင် ဝင်လာနိုင်တာပေါ့။

 

အစောပိုင်းတုန်းက အဲဒီလို သက်ရှိပျက်ကပ်တွေ ပေါ်ပေါက်စေနိုင်တဲ့ အဖြစ်ဆိုးမျိုးကို လူသားတွေ ဖြတ်ကျော်နိုင်စွမ်းရှိတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ တကယ့်တကယ်တမ်းမှာတော့ ဒိုင်နိဆောတွေတုန်းကထက် ဆယ်ဆကြီးတဲ့ ကီလိုမီတာ ၁၀ဝ ဝန်းကျင်ရှိ ဂြိုဟ်သိမ်တစ်လုံးလုံးသာ ကမ္ဘာကို ဝင်တိုက်ခဲ့မယ်ဆိုရင်တော့ လူသားမျိုးနွယ်တစ်ရပ်လုံးအပါအဝင် သက်ရှိအားလုံး အဆုံးအစမရှိ ပျောက်ကွယ်သွားမှာပါ။ ဘယ်လိုကြိုတင် ပြင်ဆင်မှုမျိုးမှ မလုပ်လိုက်ရဘဲ အမြစ်ဖြုတ်ခံရမဲ့ သဘောမှာ ရှိတာပေါ့။

 

ဒိုင်နိုဆောတွေ မျိုးသုဉ်းတဲ့ ကေ-ပီဂျီ သက်ရှိပျက်ကပ်ကို သိပ္ပံပညာရှင်တွေက ကျောက်ဖြစ်ရုပ်ကြွင်းတွေကို အခြေခံပြီး ကာလသက်တမ်းကို မှန်းဆတွက်ချက်ခဲ့တာပါ။ အဲဒီက ရလာတဲ့ ဆန်းစစ်ချက်အရတော့ အချင်းပါ နို့တိုက်သတ္တဝါမျိုးတွေက အဲဒီအချိန်ကတည်းက ဒိုင်နိုဆောတွေနဲ့အတူ ယှဉ်တွဲနေထိုင်ခဲ့တယ်ဆိုတဲ့ အချက်အလက်ကို ရလာပါတယ်။ အချင်းပါ နို့တိုက်သတ္တဝါဆိုတာ ဒီနေ့ခေတ် လူတွေ၊ ခွေးတွေလို သက်ရှိမျိုးစိတ်တွေပါ။ လူတွေရဲ့ ရှေးဘိုးဘေးတွေလို့ ပြောနိုင်တာပေါ့။

 

အဲဒီသုတေသနကို လုပ်တဲ့ ပညာရှင်တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၆ သန်းလောက်က ကျောက်ဖြစ်ရုပ်ကြွင်းနမူနာတွေကို နှိုင်းယှဉ်ချင့်ဆခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ အချင်းပါနို့တိုက်သတ္တဝါတွေရဲ့ ရုပ်ကြွင်းတွေလဲ ပါနေပါတယ်။ ဒီလေ့လာချက်ကနေ သိရတာအရ လူတွေနဲ့ ဆွေမျိုး အင်မတန်နီးပြီး ရှေးကျတဲ့ ဘိုးဘေးနို့တိုက်သတ္တဝါမျိုးစိတ်တွေဟာ ဒိုင်နိုဆောတွေ မျိုးမသုဉ်းခင် ကာလကတည်းက ကမ္ဘာပေါ် ရှိနှင့်နေပါပြီ။

 

ဒီတော့ တကယ်လို့သာ လူသားတွေရဲ့ ဘိုးဘေးတွေတောင် ဒိုင်နိုဆောပျက်ကပ်ကို ကျော်လွှားနိုင်ခဲ့ရင် ဒီနေ့ခေတ် လူတွေကလည်း အဲဒီလို အလားတူဖြစ်ရပ်မျိုးကို ရင်ဆိုင်နိုင်တဲ့ ခံနိုင်ရည် ရှိမှာ သေချာပါတယ်။ ၂၁ ရာစုရဲ့ လူသားမျိုးနွယ်စုက နည်းပညာပိုင်းမှာ အင်မတန်ဖွံ့ဖြိုးတိုးတက်တဲ့ အနေအထားကို ရောက်နေပါပြီ။ ကမ္ဘာကို လမ်းကြောင်းတည်ပြီး ချဉ်းကပ်လာနေတဲ့ ဥက္ကာခဲလေးတွေ၊ ဂြိုဟ်သိမ်တွေ အားလုံးရဲ့ အချက်အလက်ဒေတာဘေ့စ်တွေ ကျွန်တော်တို့ဆီ ရှိနေပါတယ်။ ဒီဒေတာဘေ့စ်တွေထဲမှာ ဘယ်လိုဥက္ကာခဲမျိုး၊ ဘယ်လိုဂြိုဟ်သိမ်မျိုးကတော့ ကမ္ဘာပေါ်က သက်ရှိတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာက စလို့ ဖြစ်လာနိုင်ခြေရှိတာတွေကို ရာစုနှစ်တာလောက် ကြိုတင်ခန့်မှန်းတွက်ချက်နိုင်တဲ့ အဆင့်ပါ။

 

ဒါကြောင့် တကယ်လို့သာ ဂြိုဟ်သိမ်တစ်လုံးလုံးက ကမ္ဘာကို ဝင်တိုက်ဖို့ ရှိမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ ပြင်ဆင်နိုင်တဲ့၊ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာပေါ့။ ဂြိုဟ်သိမ်ကိုပဲ လမ်းလွှဲမလား၊ ဖျက်ဆီးပစ်မလား၊ ဒါမှမဟုတ် ကမ္ဘာကို လာရိုက်ခတ်နိုင်တဲ့ အားပမာဏကို လျော့အောင်လုပ်မလား။ ရွေးစရာတွေ ရှိပါတယ်။ မယုတ်မလွန် ပြောရရင် လူသားမျိုးနွယ်တစ်ရပ်လုံးပါ။ ကမ္ဘာမဟုတ်တဲ့ တခြားတစ်နေရာပေါ် ခေတ္တပြောင်းရွေ့လိုက်နိုင်စွမ်း ရှိတာပါ။ ဒါမျိုးပြောရင်တော့ အတော်လေး ထိတ်စရာ လန့်စရာနိုင်ပေမဲ့ တကယ်လို့ ဖြစ်လာမယ်ဆိုရင်လည်း နှစ်တွေ အကြာကြီး ကြိုသိနိုင်ပါတယ်။

 

လပေါ်၊ မဟုတ်လည်း မားစ်ဂြိုဟ်ပေါ် သွားပြီး လူတွေနဲ့ တခြားတိရစ္ဆာန်တွေအတွက် အဆင်ပြေမယ့်၊ ကြမ်းတမ်းတဲ့ အခြေအနေမှာ ရှင်သန်နိုင်ဖို့ အထောက်အကူပြုမယ့် ပတ်ဝန်းကျင်မျိုး တည်ဆောက်လို့ ရပါတယ်။ အဲဒီလို မဟုတ်လည်း ကမ္ဘာပေါ်မှာပဲ အကာအကွယ် အမိုးအကာတွေ ဆောက်လုပ်နေထိုင်မယ်ဆိုလည်း ဖြစ်တာပါပဲ။ တည်ဆောက်ရ ခက်ခဲပြီး ဖြစ်နိုင်ခြေနည်းသလို နေရပြီဆိုရင်လည်း ဆယ်စုနှစ်ချီအောင် ကြာမြင့်သွားနိုင်ပေမဲ့ ရွေးချယ်စရာအဖြစ်တော့ ရှိနေဆဲပေါ့။ တကယ်လို့ ရွေးလိုက်ရရင်လည်း ဘယ်လိုနေရာတွေမှာ အကာအကွယ်စနစ်တွေ တည်ဆောက်ပြီး ရှင်သန်ရေးစီမံကိန်းတွေ ချမလဲ၊ လိုအပ်တဲ့ အရင်းအမြစ်တွေကို ဘယ်လိုပြင်ဆင်မလဲဆိုတဲ့ ကိစ္စတွေ တစ်သီကြီး ထပ်ပေါ်လာပါလိမ့်မယ်။

 

ပညာရှင်တွေဆီမှာရှိတဲ့ နောက်အကြံတစ်ခုက ကမ္ဘာကို ချဉ်းကပ်လာတဲ့ ဂြိုဟ်သိမ်တွေ၊ ဥက္ကာခဲတွေကို ဖျက်ဆီးပစ်ဖို့ပါ။ အရွယ်အစားသေးတဲ့ ဥက္ကာခဲတွေလောက်ကိုတော့ ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေမဲ့ ခပ်ကြီးကြီး ဂြိုဟ်သိမ်တွေဆိုရင်တော့ လတ်တလော မတတ်နိုင်သေးပါဘူး။ အဲဒီလို အခြေအနေဆိုရင်တော့ ဖျက်ဆီးပစ်မဲ့အစား ဦးတည်နေတဲ့ လမ်းကြောင်းကိုပဲ ရွှေ့ပေးလိုက်တာမျိုးက ပိုယုတ္တိကျတယ် ဆိုရပါမယ်။ ဒါပေမဲ့ အင်မတန်ကို ကြီးမားတဲ့ ဂြိုဟ်သိမ်ကြီးတွေကျတော့ လက်နက်တွေသုံး ဖျက်ဆီးလိုက်ဖို့ မဖြစ်နိုင်သလို လမ်းကြောင်းရွေ့ပစ်ဖို့ကလည်း ခက်ခဲတာပေါ့။

 

တကယ်လို့သာ အပေါ်မှာ ပြောတဲ့ အကြံတစ်ခုခုကို သုံးပြီး ဖြေရှင်းနိုင်ခဲ့မယ်ဆိုရင်တော့ ဂြိုဟ်သိမ်ဝင်တိုက်တာကြောင့် လူသားမျိုးစိတ် မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ကနေ ကျော်လွှားနိုင်ခြေ ရှိပါပြီ။ ဒါပေမဲ့ သေချာပေါက်ကြီး ရှင်သန်ကျော်လွှားနိုင်မှာမျိုးတော့ တပ်အပ် ဘယ်ပြောရပါ့မလဲ။

 

အဆုံးသတ်ရရင် ဒိုင်နိုဆောတွေကို ဇီဝိန်ခြွေခဲ့တဲ့ ဂြိုဟ်သိမ်လို ရန်မျိုး ကမ္ဘာထပ်ကြုံရရင် လူသားတွေမှာ ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ တစ််တစ်စ ရှိနေပါပြီ။ ကမ္ဘာကို ဝင်လာနိုင်ခြေရှိတဲ့ ဂြိုဟ်သိမ်တွေ၊ ဥက္ကာခဲတွေရဲ့ အသေးစိတ်အချက်အလက်တွေနဲ့ အချိန်တွေကို သေချာစုဆောင်းထားပြီဖြစ်ပေမဲ့ နောက်ထပ်ရှိလာနိုင်မယ့် အန္တရာယ်သစ်တွေကိုလည်း  ပညာရှင်တွေက အစဉ်အမြဲရှာဖွေနေပါတယ်။

 

တကယ်လို့သာ ဖြစ်လာနိုင်တာတွေကို ကြိုသိခွင့်ရခဲ့မယ်ဆိုရင် ပြင်ဆင်ဖို့ အချိန်ပိုရပြီး အသက်ပေါင်းများစွာကိုလည်း ကယ်တင်နိုင်မှာပါ။ လက်ရှိ ရှိနေတဲ့ နည်းပညာနဲ့ အာကာသဂြိုဟ်တုတွေရဲ့ အကူအညီကြောင့်တော့ ကမ္ဘာကို လာတိုက်နိုင်မယ့် ဂြိုဟ်သိမ်တွေရဲ့ အန္တရာယ်ကို လုံလုံလောက်လောက် ကြိုသိနိုင်မှာ သေချာပါတယ်။

 

နောက်ပြီး နေအဖွဲ့အစည်းထဲမှာ ရှိတဲ့ ဂျူပီတာဂြိုဟ်ရဲ့ ဒြပ်ဆွဲအားကလည်း အင်မတန်ပြင်းတာမလို့ ယောင်ဝါးဝါးနဲ့ ရောက်လာတဲ့ ဂြိုဟ်သိမ်တွေ တခြားဂြိုဟ်ငယ်တွေရဲ့ ပတ်လမ်းထဲ မဝင်နိုင်ခင် သူက ဦးအောင် ဆွဲလိုက်လေ့ရှိပါတယ်။ ဒီနည်းနဲ့လည်း ကမ္ဘာကြီးကို ကယ်တင်နေတာ ကြာပါပြီ။

 

ဒီလောက်ဆိုရင်တော့ ဒိုင်နိုဆောတွေကို မျိုးသုဉ်းစေခဲ့တဲ့ ဂြိုဟ်သိမ်ရန်ကနေ လူတွေ လွတ်မြောက်နိုင်လားဆိုတဲ့ မေးခွန်းအတွက် အဖြေကို ရပြီလို့ မျှော်လင့်ပါတယ်။ နောက်အပတ်တွေမှာလည်း ဆက်တင်ဆက်ဖြစ်ဖို့ ရှိတဲ့ CJ Platform ရဲ့ ‘သိစေချင်လို့’ ကဏ္ဍမှာလည်း အခုလိုမျိုး စိတ်ဝင်စားစရာ အကြောင်းအရာတွေကို မျှဝေပေးသွားမှာမလို့ စဉ်ဆက်မပြတ် ဖတ်ရှုပေးကြပါဦး။ တင်ဆက်စေချင်တဲ့ အကြောင်းအရာရှိရင်လည်း Comment မှာဖြစ်စေ၊ CJ Platform ရဲ့ Chat Box ကဖြစ်စေ အကြံပြုနိုင်ပါတယ်။

 

ကိုးကား -Freepik