ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှူး၊ဗျူဟာမှူး အပါအဝင် ရဲဘော် ၅၀ဝန်းကျင်ကို KNU ဖမ်းဆီး

Author CJ Platform
Categories
Published on Dec 17, 2025

တနင်္သာရီတိုင်းထဲမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာမှူးနဲ့ တပ်ရင်းမှူးတွေ အပါအဝင် ရဲဘော် ၅၀ ဝန်းကျင်ကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ တပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းထံက သိရပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းက တပ်ရင်းမှူး မင်းသားကြီး၊ ထောက်ပို့ ရဲဘော်တွေ အပါအဝင် ၅၀ ဝန်းကျင်ခန့်ကို KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

 

“ဘာ​ကြောင့်ဆိုတာ​တော့ တိတိကျကျ မသိရပါဘူး။ တပ်ရင်းမှူးက ဗျူဟာမှူး​တွေနဲ့ ရဲ​ဘော်​တွေနဲ့ နယ်စပ်က အပြန် သူတို့နယ်ကို ဖြတ်ချိန် ထိန်းလိုက်တာ။ ​နောက်မှ တာဝန်ထမ်း​နေတဲ့ တပ်ခွဲ​တွေကို ဖမ်းတာ” လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဖမ်းဆီးခံထားရသူတွေထဲမှာ NUG MOD လက်အောက်ခံ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ ၃၃ က ဗျူဟာမှူး စောဒါးကိုနဲ့ တနင်္သာရီ ဒရုန်းတပ်ဖွဲ့က ဒုတိယ တပ်ရင်းမှူး ဒိုရာတို့လည်း ပါဝင်တယ်လို့ သတင်း ထွက်ပေါ်နေပေမဲ့ အတည်ပြုနိုင်ဖို့ CJ Platform က သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

NUG MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့က တာဝန်ရှိသူတွေကို KNU/KNLA တပ်မဟာ ၄ နယ်မြေထဲမှာ ရှိတဲ့ တပ်ရင်း ၁၂၊ တပ်ခွဲ ၁၊ ၂၊ ၃ တို့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူက ဆက်ပြောပါတယ်။

 

ဒီနေ့ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းကလည်း သရက်ချောင်းမြို့နယ် ကနက်သီရိရွာမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၂ ဦးကို ဖမ်းဆီးခဲ့သလို ထောက်ပို့ ရဲဘော်တွေနဲ့ ဆက်စပ်ပြည်သူတွေကိုလည်း KNU/KNLA က ဆက်လက် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြိတ်ခရိုင်အတွင်းမှာ စစ်ရေးဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း အတည်ပြုခဲ့ပြီး ဖြစ်စဉ်ကို အသေးစိတ် မသိရသေးပေမဲ့ တနင်္သာရီတိုင်း စစ်ဌာန လက်အောက်ခံ တပ်ရင်းတွေက ရဲဘော်တွေလည်း ဖမ်းဆီးခံထားရတယ်လို့ ဆိုပါတယ်။

 

NUG MOD လက်အောက်ခံ တပ်ရင်းတွေက ဗျူဟာမှူး၊ တပ်ရင်းမှူး အပါအဝင် ရဲဘော် ၅၀ ဝန်းကျင်ခန့်ကို KNU/KNLA က ဖမ်းဆီးထားမှုနဲ့ ပတ်သက်ပြီး KNU မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေး တာဝန်ခံ ပဒိုစောအယ်နားကို CJ Platform က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

ဓာတ်ပုံ – ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း

ပုံစာ – ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်အချို့ကို မြင်ရပုံ (ပုံဟောင်း)

 

Related News

Depend on news