ထိုင်းနိုင်ငံထဲ ရွှေခိုးတူးတဲ့ လက်နက်ကိုင် မြန်မာ လေးဦးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

Author CJ Platform
Categories
Published on Nov 17, 2025

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် သောင်ဖာဖုမ်ခရိုင် ပီလော့ကီရွာ တောတွင်း တစ်နေရာမှာ လက်နက်ကိုင်ဆောင်ပြီး ရွှေ ခိုးတူးနေသူတွေထဲက ၄ ဦးကို ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန The Nation မှာ ဖော်ပြထားပါတယ်။

 

တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ သောင်ဖာဖုမ် အမျိုးသားဥယျာဉ်အတွင်း ရွှေ ခိုးတူးသူ ၄ ဦးဟာ အသက် ၃၀ နဲ့ ၄၅ နှစ်ကြား အရွယ် မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပြီး သူတို့ကို အခု နိုဝင်ဘာ ၁၅ ရက် မနက်အစောပိုင်း မှာ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

 

ထိုင်း-မြန်မာ နယ်စပ်ကနေတဆင့် တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ သောင်ဖာဖုမ် အမျိုးသားဥယျာဉ် သစ်တောဝင်းထဲကို ဝင်ရောက်မှုတွေ မကြာခဏ ဖြစ်ပေါ်နေတာကြောင့် ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးလည်းဖြစ်တဲ့ စူချက် ချွန်ကလင် က စောင့်ကြည့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ညွှန်ကြားခဲ့တယ်လို့ အမျိုးသားဥယျာဉ် ထိန်းသိမ်းရေး ခေါင်းဆောင် ယုထာဖုန် ဒမ်ဆရီဆုခ် က ပြောပါတယ်။

 

ဒုဝန်ကြီးချုပ် စူချက် ရဲ့ ညွှန်ကြားချက်နဲ့အတူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BPP)၊ စစ်တပ်နဲ့ ဒေသအာဏာပိုင်တွေက အမျိုးသားဥယျာဉ်အတွင်း ရွှေ ခိုးတူးနေမှုကို တားဆီးနိုင်ဖို့အတွက် ကင်းလှည့် စစ်ဆေးမှုတွေကို အရှိန်မြှင့် ပူးပေါင်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

 

အမျိုးသားဥယျာဉ်နဲ့ သစ်တောဝင်းအတွင်း CCTV စောင့်ကြည့်ကင်မရာတွေကို တပ်ဆင် စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၄ ရက် ည ၁၀ နာရီ ဝန်းကျင်မှာ လက်နက် ကိုင်ဆောင်ထားတဲ့ သံသယရှိသူ ၁၅ ဦးဟာ သစ်တောဝင်းအတွင်း ဝင်ရောက်ကာ ရွှေ ခိုးတူးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 

အဲဒီနောက် ည ၁၁ နာရီခွဲ ဝန်းကျင်မှာ ထိုင်းစစ်တပ်၊ ရဲတပ်ဖွဲ့နဲ့ ဒေသအာဏာပိုင်တွေက ရွှေ ခိုးတူးသူတွေကို ဝင်ရောက် ဖမ်းဆီးမှုတွေ လုပ်ဆောင်ချိန် အများစုဟာ ထွက်ပြေး လွတ်မြောက်သွားပြီး ၄ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

 

ဖမ်းဆီးရမိထားသူ ၄ ဦးထဲမှာ ကရင် တိုင်းရင်းသား ၁ ဦး ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ လွတ်မြောက်သွားသူတွေကို အာဏာပိုင်တွေက ဆက်လက် ရှာဖွေနေပြီး ဖမ်းဆီးရမိထားသူတွေကို ဥပဒေအတိုင်း ဆက်လက် အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – The Nation