မြောင်းမြမှာ ကျောင်းသူ၊ကျောင်းသားတွေကို ရပ်ကွက်ရုံးခေါ်ပြီး ကြိုတင်မဲပေးဖို့အတွက် လက်မှတ်ထိုးခိုင်း

Author CJ Platform
Categories
Published on Nov 17, 2025

ဧရာဝတီတိုင်း၊ မြောင်းမြမြို့မှာ စစ်အုပ်စု ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ကြိုတင်မဲ ပေးဖို့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ကျောင်းသူ၊ကျောင်းသားတွေကို ခေါ်ယူပြီး လက်မှတ်ရေးထိုးခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသူ၊ကျောင်းသားတွေအပြင် ကိုဗစ်ရောဂါနဲ့ အခြားကိစ္စရပ်တွေကြောင့် အခြေခံပညာစာသင်ကျောင်းတွေမှာ တက်ရောက်ဆဲဖြစ်ပြီး အသက် ၁၈ နှစ်ပြည့်သွားတဲ့ ကျောင်းသူ၊ကျောင်းသားတွေကို ကြိုတင်မဲ ပေးဖို့အတွက် ဖိအားပေး ခိုင်းစေနေတာဖြစ်တယ်လို့ သိရပါတယ်။

 

“အမှတ်(၄) ရပ်ကွက်ကနေစတာ အုပ်ကြီး ဦးရွှေသီး၊ အစည်းအဝေးဆိုပြီး ရပ်ကွက်ရုံးလိမ်ခေါ်ပြီးတော့မှ ရွေးကောက်ပွဲ အကြောင်းပြောတယ်၊ ပြီးတော့ ကြိုတင်မဲပေးတာ အကောင်းဆုံးပဲလို့ ပြောပြီးတော့ ကြိုတင်မဲပေးပါမယ်ဆိုတဲ့ ခံဝန်တွေ ထိုးခိုင်းတယ်”လို့ မြောင်းမြဒေသခံ တစ်ဦးက ပြောပါတယ်။

 

စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေဟာ ကြိုတင်မဲတွေကို စတင်ကောက်ခံနေပြီး ရပ်ကွက်၊ကျေးရွာတွေအတွင်းမှာ ရှိတဲ့ အသက် (၁၈)နှစ်ပြည့်ပြီးသူ လူငယ်တွေကို မဲရုံကို လာရောက်ပြီး မဲပေးမှုထက် ကြိုတင်မဲပေးဖို့ကိုသာ ဖိအားပေး တောင်းခံနေတာဖြစ်တယ်လို့ သိရပါတယ်။

 

စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲကို EU အပါအဝင် ကမ္ဘာ့နိုင်ငံအများစုက အသိအမှတ်မပြုဘူးလို့ ထုတ်ပြန် ကြေညာထားပါတယ်။

 

ဓာတ်ပုံ – Pro-SAC