နိုင်ငံရေးအမှုတွေနဲ့ မုဒိမ်းမှု၊လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးထားသူတွေကလွဲပြီး ပြစ်ဒဏ်ခြောက်ပုံတစ်ပုံ လွတ်ငြိမ်းသက်သာခွင့်ပြု

စစ်ကောင်စီက မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဒီကနေ့ ဧပြီ ၁၇ရက်နေ့မှာ နိုင်ငံရေးပြစ်မှုတွေနဲ့ ဖမ်းဆီးထားသူတွေ အပါအဝင် မုဒိမ်းမှု၊လူသတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ ဖမ်းဆီးထားသူတွေကလွဲပြီး ကျန် အကျဉ်းကျနေဆဲ ပြစ်ဒဏ်ချမှတ်ပြီးတဲ့ အကျဉ်းသူ အကျဉ်းသားတွေကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေရဲ့ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့် ပေးကြောင်း သတင်းထုတ်ပြန်လာပါတယ်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အဓိက ခေါင်းစဉ်တပ် ဖမ်းဆီးလေ့ရှိတဲ့ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်ပြစ်ဒဏ် စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက်(ယာယီပြင်ဆင်ချက်)အက်ဥပဒေ အရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေ အရပြစ်မှုများ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနဲ့ ဖမ်းဆီးထားသူတွေကိုတော့ ပြစ်ဒဏ်လျော့မှု မပေးခဲ့ကြောင်း တွေ့ရှိရသည်။
စစ်ကောင်စီဟာ ဧပြီ ၁၂ရက်နေ့မှာ ဧဒင်ဦးချစ်ခိုင်အပါအဝင် သူတို့ဖမ်းဆီးထားတဲ့ ခရိုနီအချို့ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ဖူးပါတယ်။