လှေလှော်အင်း ရဲဘက်စခန်းမှာ ဝန်ထမ်းတွေဦးဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချနေ

Author CJ Platform
Categories
Published on Mar 17, 2025

ရန်ကုန်-မန္တလေး အမြန်လမ်း (၁၄)မိုင်မှာရှိတဲ့ လှေလှော်အင်း ရဲဘက်စခန်းမှာ စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေ ဦးဆောင်ပြီး ရဲဘက်စခန်းအတွင်းမှာ မူးယစ်ဆေးဝါးတွေ ရောင်းချနေတယ်လို့ လှေလှော်အင်း ရဲဘက်စခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

အကျဉ်းဦးစီးဌာနဝန်ထမ်းတွေက ရဲဘက်စခန်းအတွင်း အကျဉ်းကျနေတဲ့ အကျဉ်းသားတွေဆီကို မူးယစ်ဆေးဝါးတွေ သယ်ယူပို့ဆောင်နေပြီး ရဲဘက်စခန်းအတွင်းမှာ တရားဝင်သဖွယ် ရောင်းချနေတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“အပေါ်က မသိတာမဟုတ်ဘူး ခွဲတမ်းရနေတော့ ငြိမ်နေတာ”လို့ လှေလှော်အင်း ရဲဘက်စခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် ရဲဘက်စခန်း တာဝန်ခံအရာရှိဖြစ်သူ ဦးမင်းခိုင်နဲ့ ဒုတာဝန်ခံ အရာရှိ ဦးထွန်းထွန်းအောင်တို့က နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ အကျဉ်းသားတွေနဲ့ သူတို့ကို လာဘ်ငွေ မပေးနိုင်တဲ့ အကျဉ်းသားတွေကို ဖိနှိပ်မှုတွေလည်း လုပ်နေတယ်လို့ ဆိုပါတယ်။

 

“သူတို့နဲ့ အဆင်ပြေနေသူတွေကို ညအိပ်အပြင်ထွက်ခွင့်ပါပေးတယ်၊ အလုပ်လည်း လုပ်စရာမလိုဘူး၊ နိုင်ငံရေးနွယ်သူတွေ ပိုက်ဆံမပေးသူတွေကတော့ သေအောင် ခိုင်းတာ”လို့ လှေလှော်အင်း ရဲဘက်စခန်းနဲ့ နီးစပ်သူက ပြောပါတယ်။

 

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ အကျဉ်းစခန်းတွေနဲက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို သီးသန့်ခွဲခြားကာ ဖိနှိပ်မှုတွေ အဆက်မပြတ် လုပ်ဆောင်နေပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်