ဧရာဝတီက မော်တင်စွန်းဘုရားနဲ့ ရခိုင်လူမျိုး ပညာရှိအမတ် မဟာပညာကျော်

မဟာပညာကျော်လျှောက်ထုံးဆိုတဲ့ ရခိုင့်တရားစီရင်လျှောက်ထုံးကျမ်းကို မသိတဲ့ ရခိုင်လူမျိုးရယ်လို့ ရှိမယ် မထင်ပါဘူး။ ရခိုင်လူမျိုး ပညာရှိအမတ်ဖြစ်တဲ့ မဟာပညာကျော်ကို ရခိုင်သက္ကရာဇ် ၈၅၀ ပြည့်နှစ် ကဆုန်လပြည့်နေ့မှာ မွေးဖွားခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေက ဆိုပါတယ်။
ငယ်နာမည် မြတ်သာထွန်းလို့ အမည်တွင်တဲ့ မဟာပညာကျော်ဟာ ဓညဝတီခေတ်ရဲ့ ပညာရှိမျိုးရိုးကနေ ဆင်းသက်လာခဲ့သူဖြစ်ပါတယ်။ ငယ်စဉ်က မြောက်ဦးမြို့တော် တောင်ညိုကျောင်းတိုက် အဂ္ဂစိန္ဒေယျကျောင်းမှာ ပညသင်ကြားခဲ့ပြီးတော့ အသက် (၂၀)အရွယ်မှာတော့ အိန္ဒိယပြည် ဗာရာဏသီတက္ကသိုလ်မှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ စီးပွားရေးနဲ့ စစ်ရေးပညာတွေကို လေ့လာဆည်းပူးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယမှာ သုံးနှစ်ခန့် ပညာသင်ကြားပြီးနောက်မှာတော့ ရခိုင်ပြည်ကို ပြန်လာခဲ့ပြီး ဂဇာပတိမင်းလက်ထက်မှာ အမတ်ငယ်အဖြစ် မင်းမှုတာဝန်တွေကို စတင်ထမ်းဆောင်ခဲ့ပြီး နက္ခတ်ပျို့၊ ၁၂ ရာသီရတု၊ စစ်ထိုးယန္တရားအတတ်ပညာကျမ်း၊ ရာဇဝသတီကျမ်းတွေကိုလည်း ပြုစုခဲ့ပြီး တရားစီရင်ရေးမှာ လွန်စွာ ဖြောင့်မတ်ခဲ့တာကြောင့် ပညာရှိအမတ်ကြီးအဖြစ် လေးစားသမှု ပြုခံရသူဖြစ်ခဲ့ပါတယ်။
တရားစီရင်ရေးတွေနဲ့ အုပ်ချုပ်မှုပညာကို နှံ့စပ်သိမြင်တဲ့ မဟာပညာကျော်အမတ်ကြီးရဲ့ စီရင်လျှောက်ထုံးတွေကို ပြုစုပြီး မဟာပညာကျော်လျှောက်ထုံးကို နှောင်းလူတွေ ပြုစုခဲ့ရတဲ့ အထိပါပဲ။
မန္တလေးမြို့မှာ ရှိတဲ့ မဟာမုနိဘုရားကြီးကိုသာ အမရပူရမြို့တည် ဘိုးတော်မင်းတရားကြီးက ရခိုင်ပြည်ကနေ ပင့်ဆောင်လာခဲ့တယ်ဆိုတာကို သိရှိသူများပြားခဲ့ပေမဲ့ “ဝိမလ”ဘွဲ့၊ “မဟာအနန္တသီဟစစ်သူကြီး” ဘွဲ့၊ “မဟာပညာကျော်”ဘွဲ့တွေကို ရရှိခဲ့တဲ့ မဟာပညာကျော်ဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မော်တင်စွန်းဒေသမှာရှိတဲ့ မော်တင်စွန်းဘုရားအနီးမှာ ခေါင်းချအနားယူခဲ့တယ်ဆိုတာကိုတော့ သိရှိသူတွေ နည်းပါးခဲ့ပါတယ်။
ငါးဆူဒါယကာ-နန္ဒဘုရင် ဟံသာဝတီကို အုပ်ချုပ်ကို နေချိန်မှာ သားတော်ဖြစ်တဲ့ ပြည်ဘုရင် သတိုးဓမ္မရာဇာဟာ ပုန်ကန်ခြားနားခဲ့ပါတယ်။ သားတော်ပုန်ကန်မှုကနေ စတင်ခဲ့တဲ့ နန္ဒဘုရင်ရဲ့ သံသယဟာ တောင်ငူမင်း၊ ဇင်းမယ်မင်းနဲ့ ညောင်ရမ်းမင်းတို့အပေါ်ကိုလည်း သက်ရောက်လာခဲ့ပါတယ်။
နန္ဒဘုရင်ရဲ့ သံသယစိတ်နဲ့ တင်းကြပ်တောင်းဆိုမှုတွေကို လက်မခံလိုတဲ့ တောင်ငူမင်းဟာ နန္ဒဘုရင်ကို ခုခံတိုက်စစ်ဆင်ဖို့အတွက် သက္ကရာဇ် ၁၅၉၈မှာ ရခိုင်မင်းထံကို စစ်ကူတောင်းခဲ့ပါတယ်။ တောင်ငူမင်းရဲ့ စစ်ကူတောင်းမှုကို ရခိုင်မင်း မင်းရာဇာကြီးကလည်း လက်ခံခဲ့ပြီးတော့ လက်စွဲတော် အမတ်ကြီး မဟာပညာကျော်နဲ့အတူတူ ဟံသာဝတီကို စစ်ချီခဲ့ပြီး စစ်အောင်မြင်ခဲ့ပါတယ်။
သက္ကရာဇ် ၁၅၉၉မှာ အောင်ပွဲနဲ့အတူ ရခိုင်ပြည်အပြန်လမ်း အခု ငပုတောမြို့နယ် မော်တင်စွန်းအငူအနီးအရောက်မှာတော့ မဟာပညာကျော်ဟာ ကွယ်လွန်ခဲ့ရပါတယ်။ မဟာပညာကျော်ရဲ့ အုတ်ဂူကိုတော့ မော်တင်စွန်းစေတီတော်ကြီးအနီးမှာ တည်ဆောက်ခဲ့ပြီး အနီးမှာ အထိမ်းအမှတ် အဆောင်ငယ်လေးကိုပါ တည်ဆောက်ခဲ့ပါတယ်။
နှောင်းလူတွေဟာ မဟာပညာကျော်ရဲ့ အုတ်ဂူကို စေတီတော်ငုံပြီး တည်ဆောက်ခဲ့တာကြောင့် ယနေ့ကာလမှာ မဟာပညာကျော်ရဲ့ အုတ်ဂူလို့ သိသူနည်းပါးသွားခဲ့ပြီး စေတီတော်တစ်ဆူအဖြစ်သာ သိရှိသူတွေ များခဲ့ပါတယ်။ မဟာပညာကျော်ရဲ့ အုတ်ဂူစေတီကိုတော့ မော်တင်စွန်းဘုရားကြီးရဲ့ အုတ်တံတိုင်းအနီးမှာ တွေ့နိုင်ပြီး အနီးမှာ ရခိုင့်လက်ရာ အထိမ်းအမှတ် အဆောင်ငယ်လေးကိုပါ ဒီကနေ့ အချိန်ထိ တွေ့နိုင်ပါတယ်။
အချို့က မော်တင်စွန်းဘုရားအနီးမှာရှိတဲ့ ပင်လယ်တွင်းက ဖောင်တော်ဦးစေတီတော်ကို မဟာပညာကျော်ရဲ့ အုတ်ဂူစေတီလို့ အမှတ်မှားနေကြပါသေးတယ်။ ဖောင်တော်ဦးစေတီဟာ အလောင်းစည်သူမင်းကြီး ဖောင်တော်ရပ်နားတဲ့နေရာမှာ တည်ခဲ့တဲ့ စေတီတစ်ဆူပါ။ မဟာပညာကျော်ရဲ့ အုတ်ဂူစေတီကတော့ ဒီကနေ့ အချိန်ထိ မော်တင်စွန်းဘုရား ရင်ပြင်အနီးမှာပဲ တွေ့မြင်နိုင်ပါတယ်။
ကိုးကား ။ မဟာပညာကျော်လျှောက်ထုံး ၊ မြန်မာ့စွယ်စုံကျမ်း