ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို CRPH တက်ရောက်

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာ ကြားနာပွဲကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က တက်ရောက်ခဲ့တယ်လို့ CRPH က သတင်းထုတ်ပြန်လာပါတယ်။
“ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုပန်းတိုင်များအတွက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ အရှိန်မြှင့်တင်ခြင်း။ ဘဏ္ဍာရေး၊ အဖွဲ့အစည်းများနှင့် နိုင်ငံရေး” ခေါင်းစဉ်နဲ့ ဖေဖေါ်ဝါရီ ၁၃ရက်နေ့ကနေ ၁၄ရက်နေ့ထိ ကျင်းပခဲ့တဲ့ အဲဒီဆွေးနွေးပွဲကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ ဒေါ်မြတ်သီတာထွန်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့တာပါ။
ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့က စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုတွေ ရပ်တန့်သွားခဲ့ရသလို လွှတ်တော်နှင့် အမျိုးသားညီညွတ်ရေးအစိုးရတို့က အဲဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ကြိုးပမ်းနေတာတွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကနေဒါနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ရဲ့ အမြဲတမ်းကိုယ်စားလှယ်တွေနဲ့လည်း မြန်မာကိုယ်စားလှယ်အဖွဲ့က သီးခြားစီတွေ့ဆုံပြီး မြန်မာ့အရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြတယ် လို့လည်းဆိုပါတယ်။
CRPH အနေနဲ့ နိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံတွေ အစည်းအဝေးတွေကို တက်ရောက်ကာ မြန်မာ့အရေးအခြေအနေ၊ စစ်ကောင်စီရဲ့ အကြမ်းဖက်မှု၊ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ကြိုးပမ်းဆောင်ရွက်နေမှု၊ နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ ပြည်သူတွေရဲ့ အခက်အခဲနဲ့ လိုအပ်ချက်တွေကို ကမ္ဘာသိအောင် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပံ့ပိုးကူညီပေးဖို့ ကိစ္စရပ်တွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
နိုင်ငံတကာပါလီမန်များအဖွဲ့ဟာ ၂၀၂၁ ခုနှစ်၊ စစ်ကောင်စီ အာဏာသိမ်းခဲ့တဲ့အချိန်ကစလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ် တရားဝင်မိတ်ဖက်ဆွေးနွေးဖက်အနေနဲ့ အသိအမှတ်ပြုထားခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ – CRPH