နေ့စဉ်ဗုံးကြဲခံနေရတဲ့မင်းတပ်မှာ ပွဲလမ်းသဘင်တွေ မကျင်းပဖို့ မြို့နယ်ပအဖသတိပေး
မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် လေကြောင်းအန္တရာယ်ရှိနေတဲ့ ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ လူစုလူဝေးပြုလုပ်တာနဲ့ ရိုးရာပွဲလမ်းသဘင်တွေ မကျင်းပကြဖို့ အဲဒီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နေတဲ့ကာလမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပိုမိုများပြားလာတယ်လို့ ဆိုထားပါတယ်။
“ပွင့်လင်းရာသီရောက်လာပြီဖြစ်တဲ့အတွက် လူတွေက လူစုလူဝေးနဲ့ ဘာသာရေးပွဲတွေ၊ ရိုးရာပွဲတွေ ကျင်းပကြတယ်။ ဒီနှစ်မှာတော့ စစ်ကောင်စီတပ်က နေ့စဥ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့အတွက် လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်ပတာတွေ မလုပ်ဖို့အသိပေးတာဖြစ်ပါတယ်။ ဒါဟာ အရပ်သားတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ထုတ်ပြန်တာလည်းဖြစ်ပါတယ်” လို့ မင်းတပ်ပအဖအဖွဲ့ဝင်တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဒီထုတ်ပြန်ချက်ကို မလိုက်နာရင် တည်ဆဲဥပဒေနဲ့အညီ အရေးယူခံရမှာဖြစ်ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဒီထုတ်ပြန်ချက်ဟာ အတည်ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။
ဒီလိုချင်းကာကွယ်ဘက်က ထုတ်ပြန်တဲ့ ဒီကနေ့ မနက် ၆ နာရီခန့်ကစပြီး မင်းတပ်မြို့တွင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးသီး နှစ်လုံး၊ ၁၂၀ မမ ဗုံးသီး သုံးလုံးတွဲ၊ ငါးလုံးတွဲ၊ ရှစ်လုံးတွဲတွေနဲ့ ဗုံးသီးအလုံးရေ ၆၀ ကျော်နဲ့ တိုက်ခိုက်သွားတယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက CJ Platform ကို ပြောပါတယ်။
“လေကြောင်းတိုက်ခိုက်မှုက နေ့တိုင်းရှိပါတယ်။ ဒီနေ့မနက်ထဲကို လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်လောက်ရှိတယ်။ ပေါင် ၅၀၀ ဗုံးသီးနှစ်လုံးအပါအဝင် ဗုံးသီးအလုံးရေ ၆၀ ကျော်တယ်။ ထိခိုက်ပျက်စီး အတော်များတယ်။ အသေးစိတ်က မသိရသေးဘူး။ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်ဖို့ အင်တာနက်လိုင်းလည်း မရဘူးဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုအပြီးမှာ စစ်ကောင်စီတပ်က မင်းတပ်အခြေစိုက် ခလရ-၂၇၄ တပ်ရင်းထဲကို လေကြောင်းနဲ့ လက်နက်ခဲယမ်းအထုပ်အပိုး ခုနစ်ကြိမ်ခန့် ချပေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကစတင်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့ရဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲတွေ ဒီကနေ့အထိ ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ့ နေ့စဥ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – မင်းတပ်မြို့နယ် လွတ်မြောက်နယ်မြေတစ်နေရာမှာ ကျင်းပတဲ့ ဘုံကထိန်ပွဲကို တွေ့မြင်ရစဥ်(ပုံအဟောင်း)