ရခိုင်စစ်ရေး တစ်နှစ်ပြည့်နဲ့ ရခိုင့်အိပ်မက်

Author သုတ
Categories
Published on Nov 17, 2024

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ ၁၃ ရက်မှာ စတင်ခဲ့တဲ့ အာရက္ခတပ်တော် (AA) ရဲ့ ပြည်သိမ်းတိုက်ပွဲဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့မှာ တစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပါပြီ။

 

AA ရဲ့ တစ်နှစ်တာခရီးမှာ ချင်းပြည်၊ ပလက်ဝမြို့နယ်ပြီးရင် ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုထဲက ကျောက်တော်၊ ပေါက်တော၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ သံတွဲ စတဲ့ မြို့နယ် ၁၀ မြို့ကို သိမ်းထားနိုင်ပါတယ်။

 

ဒီနှစ် ၂၀၂၄၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ပလက်ဝ၊ ဇန်နဝါရီလ ၁၉ ရက်မှာ ပေါက်တော၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျောက်တော်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ မြေပုံ၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာမြောက်ဦးမြို့၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မင်းပြား၊ မတ်လ ၄ ရက်နေ့မှာ ပုဏ္ဏားကျွန်း၊ မတ်လ ၁၁ ရက်နေ့မှာ ရမ်း ဗြဲ၊ မတ်လ ၁၇ ရက်မှာ ရသေ့တောင်၊ မေလ ၁၈ ရက်မှာ ဘူးသီးတောင်နဲ့ စက်တင်ဘာလ ၅ ရက်နေ့မှာ သံတွဲမြို့နယ်တို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

 

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ မောင်တောမြို့မှာ စစ်ကောင်စီရဲ့ နခခ- ၅ မြို့သူကြီး တပ်ရင်းတစ်ခုပဲ ကျန်ရှိတော့ပြီး လက်နက်၊ ရိက္ခာတွေ မထောက်ပံ့နိုင်အောင် AA က ဝိုင်းရံ ပိတ်ဆို့ထားပါတယ်။

 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့မှာလည်း ခမရ -၃၇၃ ၊ အမတ-၃၇၄ အမြောက်တပ်ရင်း၊ အမှတ် -၇၅၇လျှပ်စစ် အလုပ်ရုံတပ်ခွဲ၊ စနခ -၃၄၅ စစ်လက်နက်ပစ္စည်း တပ်ခွဲ ၊ အမှတ် (၈) တိုက်ပွဲဝင် စည်းရုံးရေးသင်တန်းကျောင်း၊ တဆရ (၂/၃၀ဝ)-အမှတ်-၂ /ခုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လကရ-လေကြောင်းရန် ကာကွယ်ရေးတပ်၊ စရဖ-စစ်ဖက်ရေးရာလုံခြုံရေး တပ်တို့ကို သိမ်းပိုက်ထားပါတယ်။

 

ကျန်ရှိတဲ့ နပခ ဌာနချုပ်အပါအဝင် တပ်ရင်းစခန်းတွေကိုလည်း စစ်ရှိန်မြင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း တစ်နေ့ကို လေကြောင်းဗုံးကြဲမှု အမြောက်အမြားပြုလုပ်ပြီး ခုခံနေတယ်လို့ သိရပါတယ်။

 

တပ်နယ်မြေဖြစ်တဲ့ အမ်းမြို့ဟာ စစ်ကောင်စီအတွက် အရေးပါသလို AA ရဲ့ ပြည်သိမ်းအတွက် အဓိကကျတဲ့ ပစ်မှတ်တစ်ခု ဖြစ်နေပါတယ်။

 

“နပခ ကျသွားခဲ့ရင် တော်တော်လေးကြီးမားတဲ့ ပြောင်းလဲမှုပဲ။ နပခ ကျသွားရင် အခြားမြို့နယ်တွေက ခေါင်းမရှိတဲ့ အူလို ဖြစ်သွားမယ်။ မြန်မြန်ဆန်ဆန် သိမ်းလို့ ရနိုင်တာမျိုး ရှိတယ်” ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက CJ Platform ကို ပြောပါတယ်။

 

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) တည်ရှိရာ တောင်ကုတ်၊ မကွေး၊ ဧရာဝတီတို့နဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်မ၊ တပ်စခန်း အများစုကို AA က သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။

 

လက်ရှိ ထိုးစစ်ဆင်နေဆဲ အမ်း၊ မောင်တော၊ တောင်ကုတ်နဲ့ ဂွ မြို့နယ်တွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ AA ပြောရေးဆိုခွင့်ရှိသူ CJ Plaform ကို ပြောပါတယ်။

 

“ရခိုင်ပြည်မှာ ထိုးစစ်ဆင်တာ တစ်နှစ်ပြည့်တဲ့ အတောအတွင်း AA ရဲ့ တိုက်စစ်က တကယ် အံ့မခန်းပဲ”လို့ ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း စာရေးဆရာ ဝေဟင်အောင်က မှတ်ချက်ပြုပါတယ်။

 

အာရက္ခတပ်တော် (AA) အနေနဲ့ တစ်နှစ်တာကာလအတွင်း ၁၁ မြို့နယ်ကို သိမ်းပိုက်ထားတာဖြစ်ပြီး ပျမ်းမျှ တစ်လကို တစ်မြို့နှုန်းနဲ့ သိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

ရခိုင်ပြည်ဟာ ကြည်း၊ ရေ၊ လေကို ဘက်စုံ ခုခံတိုက်ခိုက်နိုင်တဲ့ ပြည်နယ်တစ်ခု ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့လည်း တခြားပြည်နယ်တွေထက် စစ်ရေးအရ ခက်ခဲမှုတွေ ရှိခဲ့ပါတယ်။

 

“ကျောက်ဖြူနဲ့ စစ်တွေကိုကျတော့ ဝိုင်းပတ်ပိတ်ဆို့ထားတယ်။ ဒီလိုအောင်မြင်မှုမျိုးက တစ်နှစ်အတွင်းမှာ ရရှိတယ်ဆိုတာ တော်တော်ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ တိုက်စစ်ကိုဖော်နိုင်တယ်။ တိုက်စစ်အားကောင်းတယ်။ ဒါကြောင့်စစ်ရေးအားဖြင့်တော့ အောင်မြင်တယ်လို့ ပြောလို့ရတယ်”လို့ ဦးဖေသန်းက ဆက်ပြောပါတယ်။

 

လက်ရှိမှာတော့ အမ်း၊ မောင်တော၊ တောင်ကုတ်နဲ့ ဂွမြို့နယ်တွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေသလို စစ်တွေနဲ့ ကျောက်ဖြူမြို့တို့ကိုလည်း ပိတ်ရံပိတ်ဆို့ထားတာ ဖြစ်ပါတယ်။

 

ဒါကြောင့် စစ်ကောင်စီအနေနဲ့လည်း အမ်းမြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် စစ်တွေနဲ့ ကျောက်ဖြူမြို့တွေ မြို့အတွင်း လူအင်အား၊ လက်နက်အင်အားဖြည့်တင်းကာ စစ်ရေးပြင်ဆင်မှုတွေကို အရင်ကထက် ပိုပြီး လုပ်ဆောင်လာခဲ့ပါတယ်။

 

စစ်မဖြစ်သေးတဲ့ မြို့နယ် သုံးခုမှာလည်း မကြာခင်မှာ ထိုးစစ်စတင်လိမ့်မယ်လို့ ရခိုင်နိုင်ငံရေး အကျဉ်းသားဟောင်း ဝေဟင်အောင်က သုံးသပ်ပါတယ်။

 

“စစ်မဖြစ်သေးတဲ့မြို့ဆိုရင် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်ပဲကျန်တယ်” လို့ သူက ပြောပါတယ်။

 

နောက်ပြီး ၂၀၂၅ မှာ ရခိုင်တစ်ပြည်လုံးအတိုင်းအတာအရ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်လာလိမ့်မယ်လို့ သူက ဆိုပါတယ်။

 

“အရင်လို ခြိမ်းခြောက်ဖမ်းဆီးတဲ့ စစ်တပ်တို့ ရဲတို့လည်း မရှိတော့ လေကြောင်းက လွဲရင် ကြောက်စရာမရှိဘူး” လို့ ကျောက်တော်မြို့နယ်မှာ မုန့်တီဆိုင်ဖွင့်ထားတဲ့ အသက် ၅၀ ကျော် ဒေါ်ဝင်းက ပြောပါတယ်။

 

လက်ရှိမှာတော့ အာရက္ခတပ်တော် (AA) ဟာ သိမ်းပိုက်ထားပြီးတဲ့ မြို့နယ် ၁၁ ခုမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ကဏ္ဍတွေကို လုပ်ဆောင်နေတယ်လို့ ဦးခိုင်သုခက CJ Platform ကို အသိပေးပါတယ်။

 

“ရခိုင်အများစုက ဟိုးအရင်ကတည်းက အရင်တချိန်ကလို ကိုယ့်တိုင်းပြည်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ယဥ်ကျေးမှု၊ ဘာသာစကားနဲ့ ထည်ဝါတဲ့ တစ်ခေတ် တစ်ခါကလို ပြန်ဖြစ်ချင်ကြတာ” လို့ စစ်တွေတက္ကသိုလ်က တတိယနှစ်ကျောင်းသားတစ်ဦးက ပြောပါတယ်။

 

ဓာတ်ပုံ- AA

ပုံစာ- အမ်းမြို့၊ အမှတ်-၂ တပ်မတော် ခုတင် ( ၃၀၀) စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်