ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (နိုဝင်ဘာ ၁၀ မှ နိုဝင်ဘာ ၁၆ ရက်အထိ)
ဒီတစ်ပတ် (နိုဝင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ) အတွင်းမှာတော့ အစ္စရေး-ဟစ်ဇ်ဘိုလာ ပဋိပက္ခရပ်ဖို့ အီရန်ထောက်ခံတဲ့ သတင်းအပါအဝင် မြောက်ကိုရီးယားက တိုက်ခိုက်ရေးဒရုန်းတွေကို အမြောက်အမြား ထုတ်မယ်ဆိုတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အာကာသကနေ ကြည့်ရင်တောင် မြင်ရတဲ့ ဧရာမ သန္တာကျောက်တန်းသတင်း၊ အရွယ်ရောက်ပြီးသူ သန်း ၈၀၀ ကျော်ဟာ ဆီးချိုရောဂါ ရှိနေတယ်ဆိုတဲ့သတင်းနဲ့ ဖေ့ဘွတ်ခ် မက်တာကို ယူရို ၈၀၀ နီးပါး အီးယူဒဏ်ခတ်တဲ့သတင်း အကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
“အစ္စရေးနဲ့ အပစ်ရပ်ဖို့ အီရန်ထောက်ခံ”
အစ္စရေး-ဟစ်ဇ်ဘိုလာ အရေး ငြိမ်းချမ်းသွားဖို့ လမ်းစတွေက တဖြည်းဖြည်း နီးစပ်လာပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေအကြား အပစ်ရပ်ဖို့ အမေရိကန်အပါအဝင် တခြားနိုင်ငံတွေ ကြိုးပမ်းနေစဉ်မှာပဲ အီရန်ဘက်ကနေ သဘောထားတစ်ခု ထုတ်ဖော်အသိပေးလာခဲ့တာပါ။
ဒါကတော့ အပစ်ရပ်ရေးအတွက် လက်ဘနွန်ဆုံးဖြတ်ချက်ကို အီရန်ဘက်ကနေ ထောက်ခံတယ်လို့ ပြောလိုက်ပါတယ်။ လက်ဘနွန်ဆိုင်ရာ အမေရိကန်သံအမတ် လီဆာဂျွန်ဆင်က လက်ဘနွန် လွှတ်တော် ဥက္ကဋ္ဌ နာဘေ့ရှ်ဘာရီကို အစ္စရေး-ဟစ်ဇ်ဘိုလာ ငြိမ်းချမ်းရေး အဆိုပြုချက် မူကြမ်း ပေးပို့ထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလို ငြိမ်းချမ်းရေးလမ်းကြောင်းတွေ ပိုမိုနီးစပ်လာခဲ့တာပါ။
အဲဒီအပြင် အီရန်ခေါင်းဆောင် အလီခါမေနီ ရဲ့ အကြီးတန်းအကြံပေးပုဂ္ဂိုလ် အလီ လာရီဂျာနီ ရဲ့ သောကြာနေ့က သွားခဲ့တဲ့ ဘေရွတ် ခရီးစဥ်မှာလည်း ထူးခြားမှုရှိခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဦးဆောင်နေတဲ့ လွှတ်တော် ဥက္ကဋ္ဌနဲ့ သီးခြားတွေ့ဆုံခဲ့သလို လက်ဘနွန်ရဲ့ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နာဂျစ်မီကာတီနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
အီရန်အနေနဲ့ တွေ့ဆုံမှုတွေမှာ လက်ဘနွန်နိုင်ငံနဲ့ ဟစ်ဇ်ဘိုလာ အဖွဲ့တွေဟာ သူတို့ ဘာလုပ်ရမယ်ဆိုတာကို သိတယ်လို့ ဆိုခဲ့ပြီး အီရန်ဟာ ပြဿနာတွေ ဖြေရှင်းဖို့ကိုသာ ဦးစားပေးကြောင်း အသိပေးခဲ့ပါတယ်။ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေအားလုံးဟာ ငြိမ်းချမ်းရေးဘက်ကို ကူးပြောင်းသွားဖို့ မျှော်လင့်ပြီး နေအိမ်စွန့်ခွာနေရသူတွေ အိမ်ပြန်နိုင်ဖို့ကိုလည်း လိုလားတယ်လို့ ဆိုပါတယ်။
“တိုက်ခိုက်ရေး ဒရုန်းတွေ အများကြီး ထုတ်မယ်ဆိုတဲ့ မြောက်ကိုရီးယား”
ရုရှားကို သူတို့ရဲ့ လက်ရွေးစင် စစ်သည်တော်တွေ လွှတ်လို့ ကမ္ဘာ့မျက်နှာစာမှာ နာမည်ကြီးနေတဲ့ မြောက်ကိုရီးယားဟာ အခုလည်း တိုက်ခိုက်ရေးဒရုန်းတွေ အမြောက်အမြားထုတ်မယ်လို့ အသိပေးလိုက်ပါတယ်။ ဒါဟာ အသိပေးချက်တစ်ခုလည်းဖြစ်သလို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ရဲ့ အမိန့်တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ လကုန်ပိုင်းမှာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui ဟာ ရုရှားနိုင်ငံကို သံတမန်ရေးရာအရ ခရီးဆက်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေက စိုးရိမ်နေချိန်မှာပဲ ရုရှားဘက်မှာ မြောက်ကိုရီးယားအနေနဲ့ အပြည့်အဝ ရပ်တည်ကြောင်း ပြသလိုက်သလို ရုရှားနဲ့ မြောက်ကိုရီးအကြား တစ်ဘက်နဲ့တစ်ဘက် ကူညီမှုလုပ်ငန်းစဉ်တွေကိုလည်း သဘောတူခဲ့ကြပါတယ်။
အခု ဒရုန်းတွေ ထုတ်လုပ်မှုမှာလည်း ရုရှားက နည်းပညာပိုင်းဆိုင်ရာ မြောက်ကိုရီးယားကို ကူညီပေးနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အဲဒီ ဒရုန်းတွေဟာ ဖောက်ခွဲရေး ပစ္စည်းတွေကို တင်ဆောင်ပြီး ရန်သူပစ်မှတ်တွေကို တိတိကျကျ ဖျက်ဆီးပစ်နိုင်တယ်လို့ ဆိုပါတယ်။ နောက်ပြီး ကုန်ကျစရိတ်နည်းပါးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်အတွက် အကြိုက်ဖြစ်နေပါတယ်။
ဒါ့အပြင် နိုင်ငံပိုင် KCNA သတင်းအေဂျင်စီက ဩဂုတ်လအတွင်း ဖော်ပြခဲ့တဲ့ ဓာတ်ပုံတွေအရ မြောက်ကိုရီးယားရဲ့ ဒရုန်းတွေဟာ အစ္စရေးလုပ်တွေအပြင် ရုရှားလုပ်တွေလည်း ပါဝင်နေပြီး မြောက်ကိုရီးယားဟာ ရုရှားနဲ့ အီရန်ဆီက ဒရုန်းဆိုင်ရာထုတ်လုပ်မှု နည်းပညာတွေကို ရရှိထားတယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။ ကင်ရဲ့ ဒရုန်းအမြောက်အမြား ထုတ်လုပ်ဖို့ အမိန့်ပေးချက်ဟာ ရုရှား-ယူကရိန်းအထိ ပါဝင်ပတ်သက်နိုင်တယ်လို့ ဆိုကြပြီး မြောက်ကိုရီးယား ဒရုန်းတွေ ယူကရိန်းစစ်မြေပြင်မှာ ပါဝင်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။
“အာကာသက ကြည့်ရင်တောင် မြင်ရတဲ့ ဧရာမ သန္တာကျောက်တန်း”
အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းကြီး အကြောင်းကလည်း ဒီတစ်ပတ်ထဲ လူပြောများနေတဲ့ သတင်းအဖြစ် ပါဝင်နေပါတယ်။ ပစိဖိတ် သမုဒ္ဒရာတောင်ပိုင်းမှာ အရှည်ပေ ၁၀၀ ကျော်ရှိပြီး အနည်းဆုံး နှစ် ၃၀၀ သက်တမ်းရှိတဲ့ သန္တာကျောက်တန်းကြီးကို တွေ့ရှိခဲ့ကြတာပါ။ အဲဒီ ဧရာမ သန္တာကျောက်တန်းကို National Geographic Pristine Seas အဖွဲ့က ဆော်လမွန်ကျွန်းစုတွေဘက် သမုဒ္ဒရာရဲ့ အခြေအနေကို စူးစမ်းလေ့လာရင်း တွေ့ရှိခဲ့ပါတယ်။
အခု အသစ်တွေ့တဲ့ သန္တာကျောက်တန်းဟာ အမေရိကန်မှာ တွေ့ရှိထားတဲ့ ကမ္ဘာ့အကြီးဆုံး ဆမိုအာကျွန်းက သန္တာကျောက်တန်းထက် သုံးဆပိုမိုကြီးသလို ကမ္ဘာပေါ်မှာ အကြီးဆုံးသတ္တဝါဖြစ်တဲ့ အပြာရောင် ဝေလငါးထက်လည်း ပိုကြီးတယ်လို့ ဆိုပါတယ်။ အာကာသကနေတောင် မြင်တွေ့နိုင်တဲ့ သန္တာကျောက်တန်းကြီးကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် National Geographic explorer in residence နဲ့ Pristine Seas တည်ထောင်သူ အန်ရစ်ဆာလာ ကျေနပ်နေပါတယ်။
ကမ္ဘာကြီးမှာ ရှာဖွေတွေ့ရှိစရာ တစ်ခုမှ မရှိတော့ဘူးလို့ ထင်နေချိန်မှာ သက်ရှိပိုလစ်ပ်တွေ တစ်ဘီလီယံနီးပါး ပါဝင်နေတဲ့အပြင် ပင်လယ်နေ သတ္တဝါတွေအတွက် အစာနဲ့ ခိုလှုံရာတစ်ခု ရလိုက်သလိုပါပဲ။ ဒါ့အပြင် လူဦးရေ တစ်ဘီလီယံဝန်းကျင်အတွက် သွယ်ဝိုက်တဲ့ အစာရင်းမြစ်လည်း ဖြစ်တဲ့အပြင် မုန်တိုင်းတွေနဲ့ ပင်လယ်ရေမျက်နှာပြင် မြင့်တက်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဂေဟစနစ်မှာ အရေးပါတဲ့ သန္တာကျောက်တန်းတွေကို ပြန်လည်ထိန်းသိမ်းဖို့ကတော့ သန္တာကျောက်တွေကို ပြန်စိုက်တာ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှု လျှော့ချတာ၊ ပင်လယ်ရေ ညစ်ညမ်းမှုကို ထိန်းသိမ်းတာနဲ့ ပင်လယ်နေသတ္တဝါတွေကို ထိန်းသိမ်းစောင့်ရှောက်တာတွေဟာ အကောင်းဆုံး နည်းလမ်းတွေ ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။
“ဆီးချိုရောဂါ သတိရှိပါ”
ကျန်းမာရေး သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ NCD Risk Factor Collaboration နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပူးတွဲလုပ်ဆောင်ခဲ့ကြတဲ့ စစ်တမ်းတစ်ခုကြောင့် အရွယ်ရောက်ပြီးသူတွေ အားလုံး ကျန်းမာရေးသတိ ဖြစ်ခဲ့ကြရပါပြီ။ ဒါကတော့ ကမ္ဘာတဝန်းက အရွယ်ရောက်ပြီးသူ သန်း ၈၀၀ ကျော်ဟာ ဆီးချိုရောဂါရှိနေကြပြီး အသက် ၃၀ နဲ့အထက် ဆီးချိုရောဂါသည်တွေရဲ့ ထက်ဝက်ကျော်ကတော့ ဆေးကုသမှု ခံယူနေတာတွေ မရှိဘူးလို့ အသိပေးလာတာပါ။
၂၀၂၂ ခုနှစ်မှာ အသက် ၁၈ နှစ်နဲ့ အထက်ရှိတဲ့ လူဦးရေ ၈၂၈ သန်း ဝန်းကျင်ဟာ type 1 နဲ့ type2 ဆီးချိုရောဂါ ရှိနေကြောင်း တွေ့ရှိခဲ့ရပြီး အသက် ၃၀ နဲ့အထက် လူနာ ၄၄၅ သန်း (လူနာအားလုံးရဲ့ ၅၉ ရာခိုင်နှုန်း) ဟာ ကုသမှု ခံယူနေတာတွေ မရှိဘူးလို့ သိရပါတယ်။ WHO အနေနဲ့ အရင်က ဆီးချိုရောဂါရှိသူ ၄၂၂ သန်းဝန်းကျင် ရှိမယ်လို့ ခန့်မှန်းထားပေမယ့် အခုတော့ ခန့်မှန်းဦးရေထက် နှစ်ဆနီးပါး ပိုများနေတာပါ။
၁၉၉၀ ခုနှစ်ကစလို့ ကမ္ဘာ့ဆီးချိုရောဂါဖြစ်ပွားမှုနှုန်းဟာ ၇ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်းအထိ နှစ်ဆ တိုးလာခဲ့ပါတယ်။ ဆီးချိုရောဂါဟာ သွေးတွင်းသကြားဓာတ်နဲ့ ဆိုင်တဲ့ နာတာရှည်ရောဂါဖြစ်ပြီး ကုသမှု မခံယူဘူးဆိုရင် နှလုံး၊ သွေးကြော၊ အာရုံကြောနဲ့ အခြားကိုယ်တွင်း အင်္ဂါတွေကိုပါ ထိခိုက်စေတတ်ပါတယ်။ စစ်တမ်းရဲ့ ဖော်ပြချက်မှာ ကမ္ဘာ့ဆီးချိုရောဂါဖြစ်ပွားမှုနှုန်း တိုးလာတဲ့ အဓိကအကြောင်းရင်းဟာ ဝင်ငွေအသင့်အတင့်ရှိတဲ့ နိုင်ငံနဲ့ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေမှာ ဆီးချိုရောဂါဖြစ်ပွားမှု တိုးလာတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ရောဂါဖြစ်ပွားမှုနှုန်းများတဲ့ ဒေသတွေမှာ ရောဂါကုသမှုခံယူတဲ့နှုန်းက တိုးတက်လာတာမျိုး မရှိဘဲ ဝင်ငွေမြင့်မားတဲ့ နိုင်ငံတွေမှာတော့ ရောဂါကုသမှုခံယူတဲ့နှုန်းက မြင့်တက်လာတာကြောင့် ဆီးချိုရောဂါကို ကုသမှုခံယူနိုင်မှုဟာလည်း ကွာဟချက် ပိုပြီး များပြားလာတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုပြုလုပ်ခဲ့တဲ့ သုတေသနစစ်တမ်းဟာ နိုင်ငံတိုင်းရဲ့ ဆီးချိုဖြစ်ပွားမှုနှုန်းနဲ့ ကုသမှုအခြေအနေကို ပထမဆုံးအကြိမ် စုစည်းလေ့လာခဲ့တာဖြစ်ပြီး လူပေါင်း သန်း ၁၄၀ ကျော် ပါဝင်တဲ့ လေ့လာမှုပေါင်း ၁,၀၀၀ ကျော်ကို အခြေခံထားတာလို့လည်း သိရပါတယ်။ စစ်တမ်းဟာ type 1 နဲ့ type 2 ဆီးချိုရောဂါကို သီးခြားခွဲပြီး လေ့လာထားတာ မရှိပေမဲ့ အရင်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ အရွယ်ရောက်ပြီးတဲ့ သူတွေမှာ တွေ့ရှိရတဲ့ ဆီးချိုရောဂါအများစုဟာ type 2 အမျိုးအစားဖြစ်ပြီး အဝလွန်တာ၊ မသင့်လျော်တဲ့ အစားအသောက်တွေနဲ့ ဆက်စပ်နေတယ်လို့ သိရပါတယ်။
“ဒီတစ်ခါ ဖေ့ဘွတ်ခ် ခံရပြီ”
ဖေ့ဘွတ်ခ်ဟာ အွန်လိုင်းစျေးကွက်မှာ အကျိုးအမြတ်ရရှိစေရေး တစ်ခုတည်းကိုကြည့်ပြီး အလွဲသုံးစားမှုတွေ ပြုလုပ်တယ်ဆိုတဲ့ အချက်နဲ့ ဥရောပကော်မရှင်က ယူရို ၇၉၈ သန်း ဒဏ်ခတ်လိုက်ပါတယ်။ ဥရောပကော်မရှင်ဟာ အွန်လိုင်းစျေးကွက်မှာ ဖေ့ဘွတ်ခ်ကို စောင့်ကြည့်နေခဲ့တာ ကြာပါပြီ။ ၂၀၂၁ ခုနှစ် ဇွန်လကမှ တရားဝင် အမှုဖွင့် စစ်ဆေးခဲ့တာပါ။
ဖေ့ဘွတ်ခ် အွန်လိုင်းဈေးကွက်ရဲ့ ကြော်ငြာဝန်ဆောင်မှုတွေကို ကိုယ်ရေးကိုယ်တာ လူမှုကွန်ရက် စာမျက်နှာနဲ့ ချိတ်ထားတဲ့အတွက် တခြားဝန်ဆောင်မှုတွေမှာ မမျှမတဖြစ်စေလို့ ဒဏ်ခတ်လိုက်တာပဲ ဖြစ်ပါတယ်။ ဖေ့ဘွတ်ခ်ဘက်ကတော့ ဒီဒဏ်ခတ်မှုကို အယူခံဝင်သွားမှာ ဖြစ်တယ်လို့ အသိပေးထားပြီး လိုအပ်ချက်တွေကိုလည်း အမြန်ဆုံး လိုက်နာဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ဖေ့ဘွတ်ခ် မက်တာဟာ WhatsApp ကို ဝယ်ယူစဉ်ကလည်း မှန်ကန်တဲ့ အချက်အလက်တွေကို မလွှဲပြောင်းခဲ့တဲ့အတွက် ၂၀၁၇ ခုနှစ်က ယူရို သန်း ၁၁၀ ဒဏ်ခတ်ခံရသေးပါတယ်။ ဒါ့အပြင် အိုင်ယာလန် ဒေတာကာကွယ်ရေး ကော်မရှင်နာကလည်း အမေရိကန်နည်းပညာ ကုမ္ပဏီ ဖေ့ဘွတ်ခ် မက်တာအနေနဲ့ ဥရောပနဲ့ အမေရိကန်ကြား လွှဲပြောင်းရာမှာ လူတွေရဲ့ ဒေတာတွေကို လွဲမှားစွာ ကိုင်တွယ်ခဲ့တဲ့အတွက် ယူရို ၁ ဘီလီယံကျော် ဒဏ်ရိုက်ခဲ့ပါတယ်။
လက်ရှိ ဥရောပကော်မရှင်က ဆုံးဖြတ်ချက်ချထားလို ပြိုင်ဘက်တွေကို ပြိုင်ဆိုင်မှုဆိုင်ရာ ဘေးအန္တရာယ်ဖြစ်စေတာ ဒါမှမဟုတ် သုံးစွဲသူတွေကို ထိခိုက်နစ်နာစေတဲ့ အထောက်အထားတွေလည်း မရှိဘူးလို့ ဖေ့ဘွတ်ခ် မက်တာဘက်က ငြင်းဆိုထားပါတယ်။