စစ်ဘေး၊ ရေဘေးတွေကြောင့် အဖြစ်လုပ်ခဲ့ရတဲ့ ကျောက်ဆည်ဆင်ပွဲ

Author လဂွန်းအိမ်
Categories
Published on Oct 17, 2024

ကျောက်ဆည်လို့ ကြားလိုက်တာနဲ့ ဆင်ပွဲကို ပြေးမြင်ရတဲ့အထိ ကျောက်ဆည်ဆင်ပွဲတော်က ထင်ရှားပါတယ်။

 

နှစ်စဉ် သီတင်းကျွတ်လဆန်း ၁၄ ရက်မှာ ကျင်းပပြုလုပ်တဲ့ ရွှေသာလျောင်းဘုရား ဆင်လှူပွဲတော်နဲ့ ရိုးရာဆင်အကအလှပြိုင်ပွဲကို ဒီနှစ် ၂၀၂၄ အောက်တိုဘာလ ၁၆ ရက်နေ့မှာလည်း ထုံးစံအတိုင်း မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မှာ ကျင်းပခဲ့ပါတယ်။

 

ကျောက်ဆည်ဆင်ပွဲကို ၂၀၁၉ ခုနှစ်ကတည်းက မကျင်းပနိုင်ခဲ့ဘဲ ၂၀၂၂ ခုနှစ်မှာတော့ ပွဲတော်ကာလမဟုတ်တဲ့ တန်ဆောင်မုန်းလထဲမှာ လုံခြုံရေးအပြည့်နဲ့ စစ်ကောင်စီက ပြန်ကျင်းပခဲ့ပါတယ်။

 

ကျောက်ဆည်လူထု ပွဲငတ်နေသလို ရိုးရာဓလေ့ပွဲဖြစ်ပေမဲ့ အာဏာမသိမ်းခင် နှစ်တွေတုန်းကလို စည်ကားအောင် စစ်ကောင်စီလက်ထက် တတိယအကြိမ်မြောက်ကျင်းပတဲ့ ဒီနှစ်မှာလည်း မလုပ်နိုင်ခဲ့ပါဘူး။

 

ဒါဟာ မြို့နားအထိ ကပ်လာတဲ့ တော်လှန်ရေးတိုက်ပွဲတွေ၊ ရေဘေးနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေ စတဲ့အချက်တွေကြောင့်လို့ မြို့ခံတွေက CJ Platform ကို ပြောကြားပါတယ်။

အရင် ကျောက်ဆည်ပတ်ပတ်လည်က ကျေးရွာတွေကနေ ကြည့်ရှုသူတွေ လာရောက်ကြပေမဲ့ ဒီနှစ်ပွဲတော်မှာတော့ တချို့ကျေးရွာတွေမှာ ရေမကျသေးတာတွေရှိတာကြောင့်လာရောက်သူ အလွန်နည်းပါးတာဖြစ်မယ်လို့ မြို့ခံတွေ မှတ်ချက်ပေးပြောကြပါတယ်။

 

ကျောက်ဆည်မြို့ဟာ နှစ်လအတွင်း နှစ်ခါပြန်ရေကြီးခဲ့ရတာပါ။

 

မြန်မာနိုင်ငံအလယ်ပိုင်းထဲက ကျောက်ဆည်မြို့ဟာလည်း စက်တင်ဘာရေဘေးသင့်ခဲ့တဲ့ ၅၆ မြို့နယ်အတွင်း ပါဝင်ခဲ့ရတဲ့အပြင် အခု အောက်တိုဘာလဆန်းပိုင်းမှာလည်း မိုးကြီးပြီး ကင်းတားဆည်ရေဖောက်ချလို့ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ရပြန်ပါတယ်။

 

တချို့ ဇော်ဂျီမြစ်နဲ့နီးပြီး အနိမ့်ပိုင်းကျတဲ့ ရပ်ကွက်/ကျေးရွာတွေမှာ အခုထိ ရေမကျသေးဘူးလို့ ဆိုကြပါတယ်။

 

ကျောက်ဆည် ဆင်အကပြိုင်ပွဲကို အာဏာမသိမ်းခင်ကာလတုန်းက ပြည်တွင်း/ပြည်ပခရီးသွားတွေနဲ့ စည်ကားခဲ့ပေမဲ့ အာဏာသိမ်းပြီးနောက်မှာတော့ ကျောက်ဆည်အနီးပတ်လည်ကသာ လာရောက်ကြတော့တယ်လို့ အသက် ၄၀ ဝန်းကျင်ရှိ ကျောက်ဆည်မြို့ခံအမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ကွာခြားတာမှ တခြားစီပဲ။ အာဏာမသိမ်းခင်ကဆို ညသန်းခေါင်လောက်မှ ဆုကြေငြာနိုင်တာ။ အခုက ည ၇ နာရီလောက်ကတည်းက ပွဲကပြီးသွားပြီလေ။ အရင်လိုစည်စည်ကားကားမရှိဘူး” လို့ ၎င်းက ပြောပါတယ်။

 

မြို့ခံတွေနဲ့ ဆင်ပွဲကျင်းပရေးကော်မတီက တာဝန်ရှိသူတွေကတော့ အရင်နှစ်ကထက် တစ်ဝက်မက လာရောက်လည်ပတ်သူလျော့သလို ဆင်အကောင်ရေလည်း အလားတူ လျော့ကျသွားတယ်လို့ သူတို့ အတွေ့အကြုံကို ပြောပါတယ်။

 

“ဟိုနားတစ်စု ဒီနားတစ်စုနဲ့တော့ အားပေးကြတာပဲရှိတယ်။ ဒီနှစ် လူမစည်ဘူး အဖြစ်လောက်ပဲ။ မနှစ်ကဆို မနက်အစောထဲကကို တိုးလို့ မရတာ” လို့ ကျောက်ဆည်မြို့ခံတစ်ဦးက ပြောပါတယ်။

 

 

ကျောက်ဆည်မြို့ခံ လူငယ်တွေကလည်း ဒီဆင်ပွဲကရတဲ့ လွတ်လပ်မှုတွေ ပျောက်ဆုံးသွားတယ်လို့ ဖွင့်ဟလာပါတယ်။

 

“အရင်ကကြိုက်တဲ့အချိန် အိမ်ကောက်ပြန်လို့ရတယ်။ မြို့ထဲ ညလုံးပေါက်နေလည်း ရတယ်။ အခုက ပွဲသာသွားရတာ အရင်လိုမဟုတ်ဘူး။ စိတ်ဖိစီးမှုကြီးနဲ့ သွားလာနေရတာ” လို့ အသက် ၂၀ ကျော် မြို့ခံလူငယ်အမျိုးသားတစ်ဦး ပြောပါတယ်။

 

ဒီနှစ် ၂၀၂၄ ကျောက်ဆည်မြို့ ဆင်အကအလှပြိုင်ပွဲမှာ ဘော်ကြယ်ဆင် သုံးစီး၊ ရိုးရာဆင် သုံးစီး၊ ကလေးဆင် နှစ်စီး၊ သဘာဝတီထွင်ဆန်းသစ်မှုဆင် နှစ်စီး၊ စုစုပေါင်း ဆယ်စီး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ အရင်နှစ်ကတော့ စုစုပေါင်း ၁၉ စီးနဲ့ ပြိုင်ပွဲကျင်းပခဲ့တာကြောင့် ပြိုင်ပွဲဝင် ဆင်အစီးရေ ထက်ဝက်နီးပါး လျော့ကျသွားရပါတယ်။

 

နောက်ပြီး ပြီးခဲ့တဲ့နှစ်က ဆင်အစီးရေ ၁၀၀ ကျော်နဲ့ ဂုဏ်ပြုဆင်၊ သက်ကြီးဆင်၊ ဧည့်ခံဆင်၊ ဈေးပတ်ဆင်တွေကို မြို့ပတ်လှည့်လည်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ ၇၄ စီးသာရှိခဲ့တယ်လို့ စစ်ကောင်စီ ဘက်က ဖော်ပြထားပါတယ်။

 

ကျောက်ဆည်ဆင်ပွဲမှာ နောက်ထပ်ထူးခြားတာက ဆင်တွေကို ရွှေသာလျောင်းတောင်အောက် ပစ်ချပြီး ဆင်ရုပ်လှူဒါန်းရတဲ့ဓလေ့ပါ။

 

ကျောက်ဆည်မှာ ပြီးခဲ့တဲ့နှစ်က ပထမဆုရခဲ့တဲ့ မြင်စိုင်းဇာနည်ဆင်အကအဖွဲ့ကနေ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအရ ဆင်ရုပ်ကြီးတစ်ခုလုံးနဲ့ ပူဇော်ခဲ့သလို ကျန်အသင်းဝင်တွေကလည်း ဆင်ရုပ်အ‌သေးတွေကို လှူဒါန်းပြီး ပွဲတော်ကို အဆုံးသတ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း အဲဒီဓလေ့နဲ့ပဲ အဆုံးသတ်ခဲ့ကြပါတယ်။

 

ဒီနှစ် ကျောက်ဆည်ဆင်ပွဲမှာကတော့ ဘော်ကြယ်ဆင်ပြိုင်ပွဲမှာ ပထမ ‘ဒွေး’အဖွဲ့၊ ဒုတိယ ‘သားဇော်ဂျီ’အဖွဲ့၊ တတိယ ရွှေဝါဦးတို့က ရရှိခဲ့ပြီး ရိုးရာဆင်အကြီးတန်းမှာ ပထမက မြတ်ဂုဏ်ရောင်၊ ဒုတိယက ပိတောက်မြိုင်၊ တတိယက မြင်စိုင်းဇာနည်တို့ရရှိခဲ့ပါတယ်။ ရိုးရာအငယ်တန်း ကလေးဆင်မှာ ဘိုကေဆင်က ပထမ၊ ခေတ်သစ်မာန်က ဒုတိယ ရရှိခဲ့တဲ့အပြင် သဘာဝဆင်မှာ ကရုဏာရှင်က ပထမနဲ့ ပဏ်က ဒုတိယ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဆင်ဆုတွေအားလုံးကိုတော့ ပထမ သိန်း ၃၀၊ ဒုတိယ သိန်း ၂၀ နဲ့ တတိယ ၁၅ သိန်း ပေးအပ်ခဲ့တယ်လို့ ကျောက်ဆည်ဆင်ပွဲတော်ကျင်းပရေးကော်မတီဆီကနေ သိရပါတယ်။

 

အခုလို ပွဲလာသူနည်းတာ၊ ကုန်ဈေးနှုန်းကြီးတာ၊ တိုက်ပွဲတွေ နီးလာတာတွေကြောင့် ကမ္ဘာမှာ တစ်ခုတည်းရှိတဲ့ဆင်ပွဲတော်ဟာ လာမယ့်နှစ်တွေမှာ ကျင်းပဖို့ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။