မလေးရှားမှာ ချင်းအမျိုးသားတစ်ဦး ကျားဆွဲခံရပြီး သေဆုံး

Author ဆလိုင်း
Categories
Published on Oct 17, 2024

မလေးရှားနိုင်ငံ၊ ကလန်တန်ပြည်နယ်၊ ဂျာလီခရိုင်ရှိ တောတွင်း စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်ကိုင်နေတဲ့ ချင်းအမျိုးသားတစ်ဦး အောက်တိုဘာလ ၁၆ ရက်နေ့က ကျားဆွဲခံရပြီး သေဆုံးသွားတယ်လို့ ၎င်းနဲ့ နီးစပ်သူတွေဆီက စုံစမ်းသိရှိရပါတယ်။

 

အဲဒီ ချင်းအမျိုးသားဟာ အလုပ်ကပြန်လာပြီး မလေးရှား စံတော်ချိန် ည ၈ နာရီ၊ ၁၅ မိနစ်မှာ ထမင်း၊ ဟင်း ချက်ပြုတ်ဖို့ ပြင်ဆင်နေတဲ့အချိန် ကျားဆွဲခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကြက်သားတုံးနေရင်း ကျားဆွဲသွားတာ။ ဘာမှအသံလည်း မထွက်တော့ အနီးအနားက လူတွေလည်း မသိကြဘူး။ လူကို မတွေ့တော့ ကျွန်တော်တို့လည်း ချက်ချင်းသွားရှာတယ်။ မတွေ့ဘူး။ သွေးနဲ့ အဝတ်စားတွေပဲ တွေ့တယ်”လို့ သေဆုံးသူနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

သေဆုံးသူရဲ့ အလောင်းကို ဒီကနေ့ အောက်တိုဘာလ ၁၇ ရက်မှာ ပြန်လည်ရှာဖွေမှုပြုလုပ်ခဲ့ပြီး မလေးရှား စံတော်ချိန် နံနက် ၉ နာရီခန့်မှာ ၎င်းနေထိုင်တဲ့နေရာနဲ့ ၁ မိုင်ကျော်အကွာမှာ ကျားကိုက်ခံရတဲ့ ဒဏ်ရာတွေနဲ့ ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။

 

“ဒီမနက် ပြန်တွေ့တဲ့အချိန် ဘယ်ဘက်ခြေတစ်ဖက်က မရှိတော့ဘူး။ ညာဘက်ခြေထောင်ကလည်း ကျားစားခံရတဲ့ အရိုးပဲရှိတော့တယ်။ လူက အသက်မရှိတော့ဘူး။ အလောင်းကို မိသားစုဝင်တွေနဲ့ အကြောင်းကြားထားတယ်။ ဘယ်လို စီစဥ်ကြမလဲဆိုတာ မသိရသေးဘူး”လို့ သေဆုံးသူနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

 

သေဆုံးသူဟာ အသက် ၂၈ နှစ်ဝန်းကျင် ဆလိုင်းဟုန်းရှိန်းဖေ လို့သိရပြီး ၎င်းဟာ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ စွန်တောင်ကျေးရွာ ဇာတိလို့ သိရပါတယ်။

 

ဆလိုင်းဟုန်းရှိန်းဖေဟာ မလေးရှားနိုင်ငံမှာမှာ အလုပ်လုပ်ကိုင်နေတာ ၁၀ နှစ်ခန့်ရှိပြီလို့သိရပြီး ၎င်းမှာ ဇနီးသည်နဲ့ သားသမီးတွေ ကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။

 

ဂျာလီခရိုင်ဟာ ဆင်ရိုင်းနဲ့ ကျား အလွန်ပေါတဲ့နေရာဖြစ်ပြီး အရင်ကလည်း ဆင်နင်းလို့ တောတွင်း  ခြံအလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသားတွေ သေဆုံးခဲ့ဖူးတာတွေရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – ပေးပို့