“ဒုက္ခများနဲ့ ခြေဦးတည့်ရာ”

Author  သုတ
Categories
Published on Jan 17, 2025

ရခိုင်ပြည်က ပြည်သူတွေဟာ စစ်ဘေး၊ စီးပွားရေး အကျပ်အတည်းနဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြားမှာ ခြေဦးတည့်ရာ အဆင်ပြေသလို ဘဝရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေရပါတယ်။ အမျိုးမျိုးသော ဒုက္ခတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း အနာဂတ်ကို မတွေးနိုင် ပစ္စုပ္ပန်မှာပဲ အားတင်းနေထိုင်နေရပါတယ်။ ဒီတစ်ပတ်ရဲ့ တီးတိုးသံကဏ္ဍမှာတော့ ရခိုင်စစ်ဘေးရှောင် အသီးသီးရဲ့ ရင်ဖွင့်သံတချို့ကို ဖော်ပြပေးလိုက်ပါတယ်။

****************************************

 

“အခုလေယာဉ်တွေက အရမ်းမြန်ပါတယ်။ အသံတောင်မကြားရတာရှိတယ်။ ဟိုတစ်နေ့က ဖြစ်သွားတဲ့ ဗုံးကြဲမှုမှာဆို လူတွေက စိတ်ဒဏ်ရာတွေပါရတယ်”

 

ကျောက်တော်မှာ  စစ်ဘေးရှောင်နေတဲ့ စစ်တွေက အသက် ၂၁ နှစ်အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦး

 

နေရတာ အဆင်ပြေပေမဲ့ စျေးအရမ်းကြီးတယ်။ အရင်လို အသားငါးလေး စားနိုင်ဖို့တောင် မလွယ်ကြပါဘူး။ အသီးအရွက်တောင် စျေးကြီးလွန်းလို့ ချွေတာစားရတယ်။ ကျောက်ဖရုံသီးတစ်လုံးကိုတောင် ကိုးထောင်၊ တစ်သောင်းပါ။ အမျိုးသမီးလစဉ်သုံးတွေဆိုလည်း ငါးထောင်၊ ခြောက်ထောင် သာမန်လူတွေကတော့ ရှေးမူတွေနဲ့ ပြန်သုံးလာတာရှိပါတယ်။ အရေးအကြီးဆုံးက လေကြောင်းပဲ။ ဘယ်အချိန်ဘာဖြစ်လာမလဲ မသိနိုင်တဲ့ဘဝ။ ကောင်းကောင်းမအိပ်ရဲ၊ မနေရဲဘဲ ကျီးလန့်စာ စားနေနေရတယ်။ အခုလေယာဉ်တွေက အရမ်းမြန်ပါတယ်။ အသံတောင်မကြားရတာရှိတယ်။ ဟိုတစ်နေ့က ဖြစ်သွားတဲ့ ဗုံးကြဲမှုမှာဆို လူတွေက စိတ်ဒဏ်ရာတွေပါရတယ်။ အထူးသဖြင့် ကလေးတွေ၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်တွေ ကယောင်ချောက်ချား ဖြစ်တာတွေ ရှိပါတယ်။

****************************************

 

“အကြွေးတွေက အတိုးတွေထပ်ပြီး တော်တော်စိတ်ဓာတ်ကျခဲ့ရပါတယ်”

 

ထိုင်းကို စစ်ဘေးရှောင်လာတဲ့ သံတွဲဒေသခံ အသက် ၁၉ နှစ်အရွယ် ကမန်အမျိုးသမီး မမီးပု

 

အရင်ဆုံး ရန်ကုန်ဘက်ကို ရှောင်လာတာပါ။ အဲဒီမှာလည်း အလုပ်လည်းမရှိတော့ ရေရှည်နေဖို့ ခက်ခဲလာတယ်။ အဲဒါနဲ့ ပိုက်ဆံချေးပြီး ထိုင်းကို တက်လာတာပေါ့။ passport မရှိသေးတော့ အောက်လမ်းက လာရတယ်။ လမ်းမှာ ညဘက်တွေ ခိုးဝင်ပြီးလာရတယ်။ ရဲကိုတွေ့ပြီး ပြေးကြရတော့ ညီမလေ ကြောက်ပြီး သေပြီလားတောင် ထင်တာ။ ဒီရောက်တော့လည်း အလုပ်မရဘဲ သုံးလနီးပါးကြာတယ်။ အထောက်အထားမရှိတော့ မခန့်ချင်ကြဘူး။ အကြွေးတွေက အတိုးတွေထပ်ပြီး တော်တော်စိတ်ဓာတ်ကျခဲ့ရပါတယ်။ အခု အလုပ်လေးရမှ နည်းနည်း စိတ်သက်သာရာရတယ်။ ဒါပေမဲ့ ကိုယ့်ဒေသမှာ မအေးချမ်းသေးတာမြင်တော့ လမ်းပျောက်သလိုတော့ ဖြစ်တယ်။

****************************************

 

“တစ်ခုခုဖြစ်လာရင် ကျမမှာ ကလေးတစ်ဖက်နဲ့ ဆိုတော့ ဒါတွေ စဉ်းစားနေရတယ်”

 

ရန်ကုန်မှာ စစ်ဘေးရှောင်နေတဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး

 

စားဝတ်နေရေးအတွက် မုန့်တီနဲ့ အသုပ်ဆိုင်လေးဖွင့်ထားပါတယ်။ မဆိုးဘူးလို့တော့ ပြောရမယ်။ စားသောက်နေထိုင်ဖို့လေးတော့ ရတယ်။ ဒါပေမဲ့ ကျမမှာ မောင်ရော အမျိုးသားရောအတွက်က စိတ်ပူရတာပေါ့။ အဖမ်းခံရမလား။ ဘယ်အချိန် ဘယ်လိုအကြောင်းပြချက်တွေနဲ့ ဖမ်းမလဲ။ တစ်ခုခုဖြစ်လာရင် ကျမမှာ ကလေးတစ်ဖက်နဲ့ဆိုတော့ ဒါတွေ စဉ်းစားနေရတယ်။ ဖြစ်နိုင်ရင်တော့ အမြန်ပြန်ချင်ပြီ။