အိန္ဒိယမှ မြန်မာဘက် ပို့မယ့် ဒီဇယ်တွေသယ်လာတဲ့ကားနှစ်စီးကို ဖမ်းမိ၊ လူနဲ့ ကားများကို ပြန်လွှတ်ပေး

Author ဆလိုင်း
Categories
Published on Jul 16, 2024

မြန်မာ-အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောက်တလိုင်ခရိုင်မှ မြန်မာဘက်သို့ တင်ပို့မယ့် ဒီဇယ်ဆီ ပီပါတွေသယ်ဆောင်လာတဲ့ကားနှစ်စီးကို ဗဟိုလူငယ်လိုင်အဖွဲ့စည်းက(CYLA)က ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။

 

လုံလေမြို့က ဝယ်ယူလာတဲ့ ဒီဇယ်လောင်စာဆီတွေကို အဲဒီကနေ ဂျောင်းသဲကိုဖြတ်ကာ ဒီလ်တလန်ကျေးရွာမှတစ်ဆင့် ချင်းပြည်၊ ပလက်ဝမြို့နယ်ထဲကို တင်ပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဇယ်ပီပါ ၁၉ လုံးကို ကားနှစ်စီးဖြင့် တင်ဆောင်လာတာဖြစ်ပြီး လူနဲ့ ကားတွေကို ပြန်လွှတ်ပေးပေမဲ့ ဒီဇယ်တွေကိုတော့ ဖမ်းဆီးသိမ်းဆည်းထားတယ်လို့ သိရပါတယ်။

 

မြန်မာ-အိန္ဒိယနယ်စပ် ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေးလမ်းတွေကို CYLA အဖွဲ့က ပြီးခဲ့တဲ့ ဇွန်လက စတင်ပိတ်ထားပြီး အဲဒီလမ်းကြောင်းမှ မြန်မာပြည်ဘက်ကို ဘယ်လိုကုန်ပစ္စည်းမှ မတင်ပို့ဖို့ ထုတ်ပြန်ထားတာပါ။

 

အဲဒီလမ်းကြောင်းကနေ ကုန်သည်တချို့က မှောင်ခိုလမ်းကြောင်းမှ ဒီဇယ်နဲ့ ဓာတ်ဆီတွေကို ဝယ်ယူတင်သွင်းနေတာကြောင့် နှစ်နိုင်ငံနယ်စပ်တစ်လျောက် CYLA အဖွဲ့ဝင်တွေက လုံခြုံရေးတင်းကျပ်ကာ အဖမ်းအဆီးတွေ ပြုလုပ်နေတယ်လို့ မြန်မာကုန်သည်တစ်ဦးက CJ Platform သို့ ပြောပါတယ်။

“အိန္ဒိယဘက်ကနေ မြန်မာပြည်ဘက်ကို ဘာပစ္စည်းမှ တင်ပို့လို့မရအောင် CYLA တွေက သူတို့ပူးပေါင်းပြီး လက်အောက်ခံအဖွဲ့တွေနဲ့ နယ်စပ်တစ်လျောက်မှာ နေ့ည ကင်းချတယ်။ ကားတွေကိုလည်း လူတွေကလွဲရင် ဘာပစ္စည်းမှတင်ခွင့်မပေးဘူး။ မသင်္ကာတဲ့ ပစ္စည်းတွေဆို သိမ်းသွားတယ်။ အခုရက်ပိုင်းဆို အခြေအနေတွေက ပိုဆိုးလာပါတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီက ရခိုင်နဲ့ ချင်းပြည် ပလက်ဝမြို့နယ်တို့ကို ပြည်မနဲ့ ဆက်သွယ်ထားတဲ့ လမ်းကြောင်းအားလုံးကို ပိတ်ထားပြီး ဒေသခံတွေဟာ အိန္ဒိယကနေ ကုန်ပစ္စည်းတွေ အဓိကဝယ်ယူစားသုံးကြပေမဲ့ ယခုလို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးပိတ်ထားတာကြောင့် ဒေသခံပြည်သူတွေဟာ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

 

ပလက်ဝ-လောက်တလိုင် ကုန်သွယ်ရေးလမ်းဟာ နှစ်နိုင်ငံ တရားဝင်ဖွင့်လှစ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းမဟုတ်ဘဲ နှစ်နိုင်ငံနယ်စပ်ရှိ ဒေသခံတွေက နားလည်မှုဖြင့် ဖွင့်ပေးထားခြင်းဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ- သိမ်းဆည်ရမိတဲ့ ဒီဇယ်ပီပါတွေကို တွေ့ရစဥ်