ပြည်မြို့မှာ ဧရာဝတီမြစ်ရေ အတက်ကြမ်းနေလို့ မြို့ခံတွေရေဘေးကြုံနေပေမဲ့ ကူညီကယ်ဆယ်ပေးသူ မရှိသေးဘူးလို့ဆို


ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့မှာ ဧရာဝတီမြစ်ရေ ယမန်နေ့ (ဇူလိုင် ၁၅ ရက်) ညပိုင်းကစတင်ပြီး စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်လာတယ်လို့ မြို့ခံများထံမှ သိရပါတယ်။

 

ဒါကြောင့် မြို့စွန်က ရပ်ကွက်တွေနဲ့ မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာတွေထဲ ရေဝင်လာတဲ့အတွက် ရေဘေးကြုံနေရပေမဲ့ ကူညီကယ်ဆယ်ပေးသူတွေမရှိသေးကြောင်း မြို့ခံများထံမှ သိရပါတယ်။

အဲဒီမြို့က မြစ်ရေတက်နှုန်းဟာ ဇူလိုင် ၁၃ မှ ၁၆ ရက်အတွင်း အလျင်အမြန်မြင့်တက်လာကာ စိုးရိမ်ရေမှတ်ထက်ကျော်လာပြီးနောက် မြို့နဲ့တဆက်တည်းရှိနေတဲ့ နဝင်း၊ ချောင်းနားတန်းနဲ့ ဖိုးခေါင်ရပ်ကွက်တွေထိ ရေနစ်မြုပ်နေပြီလို့ နဝင်းရပ်ကွက်နေ ဒေသခံအမျိုးသားက CJ Platform သို့ ပြောပါတယ်။

 

“ရေအနေအထားက အတက်မြန်တယ်။ ဒါပေမဲ့ ၂၀၁၄၊ ၂၀၁၅ ကလောက် မဆိုးသေးဘူး။ ဒါပေမဲ့ အရင်နှစ်ကဆို ဒီရေအနေအထားရောက်ဖို့ဆို ဆယ်ရက်လောက်ကြာမှ ရောက်တာ။ ခုဟာက အတက်ကြမ်းတယ်။ နဝင်းမြောက်ပိုင်းတစ်ပိုင်းလုံးရေထဲမှာ မြုပ်နေပြီ” လို့ ၎င်းက ပြောပါတယ်။

 

ဒါကြောင့် တာဘောင်ပေါ်တဲထိုးနေကြရတာမျိုးအပါအဝင် အဆင်ပြေသလို နေထိုင်နေကြရပေမဲ့ ရေဘေးကယ်ဆယ်သမားတွေ လာရောက်ကူညီတာမျိုးမရှိသေးဘူးလို့ ၎င်းက ဆိုပါတယ်။

ဒါ့အပြင် မြစ်ရိုးတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ တောင်ကုန်း၊ လက္ခုပ္ပင်(အနောက်)၊ တောင်ကုန်း၊ သဲဖြူ၊ မြရွာ၊ ရှမ်းစု စတဲ့ ကျေးရွာတွေမှာလည်း မြစ်ရေဝင်ရောက်နေကာ ဘေးလွတ်ရာကို ရှောင်တိမ်းနေထိုင်ရကြရတယ်လို့ တောင်ကုန်းဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

“ကျွန်မက ကလေးတွေနဲ့ဆိုတော့ ကလေးတွေကိုတော့ ပြည်မြို့ထဲပို့ထားရတယ်။ ကျွန်မအိမ်က အပေါ်ပိုင်းလွတ်သေးတယ်။ ဒုက္ခကတော့ တော်တော်ရောက်တာပေါ့။ နဝင်းဘောင်နဲ့ ကျွန်မတို့ ရွာဆက်ထားတဲ့ တံတားဆို မြုပ်နေတာ လက်ကိုင်လေးတွေပဲ ပေါ်တော့တယ်။ အလုပ်လည်း လုပ်မဖြစ်။ ဝမ်းလျှောဝမ်းပျက်တွေဖြစ်မှာလည်း ကြောက်ရနဲ့။ တစ်ရွာလုံးနီးပါးပဲ မြုပ်နေတာ” လို့ သူမက ပြောပါတယ်။

 

ပြည်မြို့က ဧရာဝတီမြစ်ရေဟာ လယ်နဲ့ ကိုင်းခင်းတွေထဲထိ ရေဝင်ရောက်လာတာကြောင့် နှမ်းနဲ့ ပြောင်းစိုက်ခင်း၊ ယာခင်းသီးနှံတွေ ရေနစ်မြုပ်ပျက်စီးကုန်တယ်လို့ မြရွာနဲ့ လက္ခုပ္ပင်(အနောက်) ဒေသခံများက ပြောပါတယ်။

 

ပြည်မြို့ရဲ့ စိုးရိမ်ရေအမှတ်ဟာ ၂၉၀၀ စင်တီမီတာဖြစ်ပြီး ယမန်နေ့ည(ဇူလိုင် ၁၅ ရက်)ညက ၂၉၂၄ စင်တီမီတာသို့ရောက်ရှိလာကာ စိုးရိမ်ရေအမှတ်အထက် တစ်ပေခန့်ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း တစ်ပေခန့် ထပ်မံတက်လာနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနရဲ့ ကြေညာချက်အရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်