ချင်းမှာ Kpay နဲ့ Wave ငွေထုတ်ဈေး ၂၀ ရာခိုင်နှုန်းအထိမြင့်တက်

Author ဆလိုင်း
Categories
Published on Jul 16, 2024

ဘဏ်ဂယက်ကြောင့် ဖွံ့ဖြိုးမှုနောက်ကျတဲ့ ချင်းပြည်မှာ Kpay နဲ့ Wave Money ငွေထုတ်စျေး ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားလို့ ငွေထုတ်သူတွေ အခက်ကြုံနေရတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒါကြောင့် ချင်းက ဟားခါးနဲ့ ဖလမ်းတို့အပါအဝင် မြို့အတော်များများမှာ ကျပ်တစ်သိန်းထုတ်မယ်ဆိုပါက နှစ်သောင်းကျပ် ဝန်ဆောင်ခပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။

 

ဟားခါးမြို့မှာ ပြီးခဲ့တဲ့တစ်ပတ်ခန့်က Kpay နဲ့ Wave Money ငွေထုတ်စျေး ၁၀ ရာခိုင်နှုန်းကနေ ယခုအခါ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ပြည်မ ​မြို့ကြီးတွေမှာဖြစ်တဲ့ ဘဏ်ပြဿနာကြောင့် ငွေကြေးထုတ်တဲ့အပိုင်းမှာ အခက်အခဲတွေ ရှိသွားတယ်။ အရင်က ငွေတစ်သိန်းထုတ်ရင် တစ်သောင်းကျပ်၊ အခု ငွေတစ်သိန်းကို နှစ်သောင်းကျပ်ထိ တက်သွားတယ်။ အဲဒီလိုဆိုတော့ ငွေထုတ်ခက ၂၀ ရာခိုင်နှုန်းအထိ တက်သွားတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖလမ်းမြို့မှာတော့ ငွေလွှဲ၊ ငွေထုတ် လုပ်ကိုင်နေတဲ့ အေးဂျင့်တချို့ လုပ်ငန်းရပ်နားသွားတဲ့အတွက် ငွေထုတ်၊ ငွေလွှဲလိုသူတွေအတွက် အခက်တွေ့နေရတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“Kpay, Wave money ဆိုင်တချို့ ပိတ်ထားတယ်။ ဖွင့်တဲ့ဆိုင်တွေကလည်း ကိုယ်ကြိုက်သလို ငွေလွှဲလို့ရပေမဲ့ ငွေထုတ်ဖို့ကျတော့ မရဘူး။ အလှည့်ကျ စောင့်ဆိုင်းရတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဘဏ်တွေမှာ ငွေကြေးထုတ်ယူမှု ကန့်သတ်ထားလို့ ယခုလို ငွေလွှဲ၊ ငွေထုတ် ပေးတာတွေ ရပ်တန့်ထားခြင်းဖြစ်တယ်လို့ ဟားခါးမြို့က အေးဂျင့်တစ်ဦးက CJ Platform သို့ ပြောတယ်။

 

“ဘဏ်မှာ ငွေကြေး အရင်ကလို ထုတ်မရဘူး။ တစ်ရက်မှာ ဆယ်သိန်းလောက်ပဲ ထုတ်လို့ရတယ်။ အဲဒီ ငွေပမာဏနဲ့က အလုပ်လုပ်လို့မရဘူး။ ဒါကြောင့် ငွေလွှဲ၊ ငွေထုတ်လုပ်ငန်း ရပ်တန့်ရတာဖြစ်တယ်” လို့ ၎င်းက ပြောပါတယ်။

 

ချင်းပြည်က တခြားမြို့နယ်တွေမှာလည်း ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းလုပ်ကိုင်နေတဲ့ အေးဂျင့်တချို့ လုပ်ငန်း ရပ်တန့်သွားကာ ငွေထုတ်စျေးကလည်း ၂၀ ရာခိုင်နှုန်းအထက်မှာ ရှိနေတယ်လို့ သိရပါတယ်။

 

ဇူလိုင်လဆန်းပိုင်းကစလို့ ပြည်တွင်းဘဏ်တွေကို စစ်ကောင်စီက အရေးယူမှုတွေပြုလုပ်ခဲ့သလို နေပြည်တော်အထိ ဘဏ်လုပ်ငန်းရှင်ကြီးတွေကို ခေါ်ယူတွေ့ဆုံကြိမ်းမောင်းတာတွေပြုလုပ်ခဲ့ပါတယ်။

 

အဲဒီနောက် ပြည်တွင်းဘဏ်တွေမှာ ငွေထုတ်ယူရခက်ခဲတာတွေဖြစ်ပေါ်ခဲ့ပြီး ဇူလိုင် ၁၅ ရက်နေ့မှာတော့ ငွေစက္ကူသစ်တွေကို ပုဂ္ဂလိကဘဏ်တွေက ပြန်ထုတ်ပေးနေတယ်လို့ လူမှုကွန်ရက်မှာပြန့်နှံ့နေတာ တွေ့ရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်