ခရိုနီမောင်ဝိတ်ကုမ္ပဏီလုပ်ကွက်မှ ပျောက်နေသူတစ်ဦးအလောင်း နှစ်ရက်အကြာမှာ ပထမဆုံးပြန်တွေ့

Author အညာသား
Categories
Published on Jul 16, 2024

ခရိုနီဦးမောင်ဝိတ်ပိုင်ကုမ္ပဏီကဖော်ဆောင်နေတဲ့ အမရပူရမြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းခွင်အတွင်း တာကျိုးလို့ ပျောက်နေသူ ခုနစ်ဦးထဲက တစ်ဦးရဲ့ ရုပ်အလောင်းကို ယနေ့ မနက်ပိုင်းမှာ ပထမဆုံးပြန်တွေ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေသူများထံမှ သိရပါတယ်။

ဦးမြင့်အောင် အသက်(၅၆)နှစ်ရဲ့ ရုပ်အလောင်းကို ဒီနေ့ ဇူလိုင် ၁၆ ရက် မနက် ၁၀ နာရီမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ရေဆိုးထုတ်မြောင်းအတွင်းမှ အပြင်သို့ ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

“ဒီနေ့တွေ့တဲ့ ရုပ်အလောင်းကိုတော့ ဆေးရုံကိုပို့ထားတယ်။ ကျန်တဲ့သူတွေကို​တော့ ဆက်လက်ရှာဖွေ နေတုန်းပါပဲ” လို့ မီးသတ်တပ်ဖွဲ့ဝင်နဲ့ နီးစပ်သူသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

အဆိုပါဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဇူလိုင် ၁၄ ရက် မနက် ၈ နာရီခွဲလောက်က ရေဆိုးထုတ်ပြွန်တည်ဆောက်နေစဉ် တာကျိုးလို့ လုပ်သား ဆယ်ဦးအနက် ခုနစ်ဦးပျောက်ဆုံးသွားတာပါ။

 

ရှာဖွေရေးဆက်လုပ်နေစဉ် အခုမနက် နှစ်ရက်မြောက်နေ့မှာ အမျိုးသားရုပ်အလောင်းတစ်ဦး စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

ကျန်သူတွေကိုတော့ ကယ်ဆယ်ရေးသမားတွေက ဆက်လက်ရှာဖွေနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

 

ပျောက်ဆုံးလုပ်သားများနဲ့ပတ်သက်လို့ ယခုမြို့ပြစီမံကိန်းကို ဦးမောင်ဝိတ်ပိုင် Mandalay Business Capital City Development – MBCCD ကုမ္ပဏီဘက်က ဘယ်လိုတာဝန်ယူပေးမလဲဆိုတာ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။

အမရပူရမြို့သစ်စီမံကိန်းကို အမရပူရမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရှမ်းကလေး ကျွန်းရွာအပါ အဝင် မြစ်အတွင်းရှိ မြေနုကျွန်း၊ ကိုင်းမြေ၊ ရွာမြေ ဧက(၂၀၀၀)ကျော်ဧရိယာမှာ အကောင်ထည်ဖော် ဆောင်ရွက်နေတာဖြစ်ပါတယ်။

 

စီမံကိန်းဖော်ဆောင်ဖို့ ယခင် စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် လက်ထက်မှာ ခွင့်ပြုချက်ရခဲ့ပြီး နောက် NLD လက်ထက်မှ စတင်ခဲ့တာဖြစ်ပါတယ်။

 

ဒါပေမဲ့ သဘာဝပတ်ကျင်ရေးရာကျွမ်းကျင်ပညာရှင်တွေက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ဧရာဝတီမြစ်ကို ထိခိုက်စေပြီး ယခုလို ရေဘေးဒုက္ခတွေအပြင် တခြားဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးပြောဆိုခဲ့ကြပါတယ်။

 

အာဏာသိမ်း စစ်ကောင်စီရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့အပေါ် တရားစွဲဆွဲခဲ့ရာမှာ ယခုအမရပူရ မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်းလုပ်ကိုင်ခွင့်ရ ဦးမောင်ဝိတ်ဆီက လာဘ်ငွေရယူတယ်ဆိုတဲ့ စွပ်စွဲထောင်ချမှုလည်း အပါအဝင်ဖြစ်ပါတယ်။

 

ဓာတ်ပုံ – Mandalay Region

 

ပုံစာ – ရေဆိုးမြောင်းအတွင်းက တွေ့ရှိရတဲ့ရုပ်အလောင်းကို တွေ့ရစဉ်

 

Related News

Depend on news