သံတွဲမှာ မိုင်းနင်းမိလို့ လူတစ်ဦးသေဆုံး

Author သုတ
Categories
Published on Jul 16, 2024

အာရက္ခတပ်တော် AA က မိုင်းအန္တရာယ်သတိပြုကြဖို့ ဆိုထားပေမဲ့ ရခိုင်ပြည်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

သေဆုံးသူမှာ ကျောက္ကလပ်ကျေးရွာက ဦးမိုးဇော်ဦး၊ အသက်(၄၀)နှစ်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ယမန်နေ့ ဇူလိုင်လ ၁၅ ရက်နေ့ နေ့လယ် ၂ နာရီလောက်က စစ်ကောင်စီတပ်ရဲ့ ကွင်းဝိုင်းရေတပ်စခန်း(ပင်မဆက်သွယ်ရေးနဲ့ရေငုပ်တပ်)က ထောင်ထားတဲ့ မိုင်းကို နင်းမိတာဖြစ်ပြီး ခြေထောက်နှစ်ဖက်ပြတ်ဒဏ်ရာနဲ့ ဒီနေ့ မနက်မှာ သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ မိုင်းပေါက်ကွဲတော့ ဒူးအောက်ကနေ ခြေနှစ်ဖက် ပြတ်သွားတယ်။ မိသားစုလည်း သူ့မှာမရှိဘူး။ ရေတပ်ကတော့ ဆေးကုပေးတယ်။ အပြင်မှာက ဆရာဝန်တွေမရှိကြတော့ဘူး။ ဂွဆေးရုံဘက်အထိ သွားဖို့က ပို့မယ်လူလည်းမရှိ၊ ကားတွေလည်းမရှိဘူး” လို့ ၎င်းက ဆိုပါတယ်။

 

မိုင်းပေါက်ကွဲမှုဖြစ်တဲ့နေရာဟာ ၁၉၉၆ ခုနှစ်လောက်က လက်ရှိရေတပ်စခန်းချထားတဲ့ ကွင်းဝိုင်း ရေတပ်စခန်း အနီးဝန်းကျင်ရွာတွေဆီကနေ ရေတပ်ကသိမ်းထားတဲ့ဥယျာဉ်တောင်မှာဖြစ်ပြီး တညင်းသီးတက်ဆွတ်ဖို့သွားရင်း နင်းမိတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သံတွဲနဲ့ မောင်တောမြို့တွေမှာ စစ်ကောင်စီက ခံစစ် ပြင်ဆင်တဲ့အနေနဲ့ မြေမြှုပ်မိုင်းတွေ ထောင်ထားတာကြောင့် စစ်ကောင်စီရဲ့ တပ်စခန်းတွေ၊ တပ်စခန်းပတ်ဝန်းကျင်တွေနဲ့ စစ်ကောင်စီ (ယာယီ) စခန်းချခဲ့ရာ နေရာတွေကို မိုင်းအန္တရာယ် သတိမမူဘဲ သွားလာခြင်း၊ သားကောင်ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းတို့ကို လတ်တလောအခြေအနေတွေမှာ  မပြုလုပ်ကြဖို့နဲ့မိုင်းသတိနဲ့ သွားလာနေထိုင်ကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။

 

 

ဓာတ်ပုံ- သံတွဲမြို့နယ်မှာ စစ်ကောင်စီထောင်ထားတဲ့မြေမြှပ်မိုင်းကို တွေ့ရစဉ်