သိမ်းပိုက်ရရှိထားတဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံ ချင်းလူမျိုး အယောက် ၂၀ နီးပါး ဖမ်းဆီးခံရ

Author ဆလိုင်း
Categories
Published on Jun 16, 2024

အာရက္ခတပ်တော်(AA) သိမ်းပိုက်ရရှိထားတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ဒေသခံ ချင်းလူမျိုး အယောက် ၂၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံရတယ်လို့ ဒေသတွင်း လူမှုကူညီရေးလုပ်ဆောင်နေတဲ့ သူတွေဆီက သိရပါတယ်။

 

ပလက်ဝမြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလကစလို့ အမျိုးသမီး၊ ကျောင်းဆရာ၊ အုပ်ချုပ်ရေးမှူးအပါဝင် ဒေသခံ ချင်းလူမျိုး အယောက် ၂၀ နီးပါး AA ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

အဲဒီ ဖမ်းဆီးခံရတဲ့သူတွေဟာ မိသားစုဝင်တွေနဲ့လည်း အဆက်သွယ်မရဘဲ  ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့ ဒေသတွင်း လူမှုကူညီရေးဆောင်နေတဲ့ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဖမ်းဆီးခံရတာ နေအိမ်ထဲမှာ ဝင်ဖမ်းသွားတာတွေ၊ ခရီးထွက်လို့ ဖမ်းသွားတာတွေ ဖြစ်ပါတယ်။ အဲထဲမှာ အမျိုးသမီးလည်းပါတယ်။ ကျောင်းသား၊ ကျောင်းဆရာ၊ ပြည်သူတွေ ရွေးချယ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှုးတွေလည်း ပါတယ်”လို့ သူက ဆိုပါတယ်။

 

ဖမ်းဆီးခံရတဲ့သူတွေဟာ ဘောင်ကူးကျေးရွာမှ ဦးကျော်လှ၊ ဦးပျိုလဲ၊ ဦးအောင်ဒိုင်၊ ဘောင်ဝီးကျေးရွာမှ ဦးအောင်လင်း၊ ဦးကျော်ဝင်း၊ ဦးအောင်နင်း၊ ဦးကျော်ထွန်း၊ ဦးအောင်မင်း(ကျောင်းဆရာ)၊ဦးအောင်စိုး (ကျောင်းဆရာ)၊ တမန်းသားကျေးရွာမှ ဆလိုင်းစံလင်းအောင် (ကျောင်းသား)၊ တိန်းလက်ဝကျေးရွာမှ ဆလိုင်းအောင်ဆန်းလင်း၊ ဆလိုင်းလှထွန်းကျော်၊ ဒေါ်ဟွေ့ယောက်၊ ရပ်ဒိန်းကျေးရွာမှ ဦးမိုင်ကယ်(အုပ်ချုပ်ရေးမှူး)နဲ့ ငါးဝကျေးရွာမှ ဦးဇော်မြင့်တို့ ပါဝင်တယ်လို့ သိရပါတယ်။

 

အဲဒီ ဖမ်းဆီးထားတဲ့ တချို့ကို AA က ပြန်လွတ်ပေးပေမယ့် အများစုဟာ ပြန်လွတ်လာတာမရှိသလို ဖမ်းဆီးမှု ဦးရေဟာလည်း အခုစာရင်းတွေထက် မြေပြင်မှာ ပိုများလာနိုင်တယ်လို့ ဒေသတွင်း လူမှုကူညီရေး လုပ်ဆောင်နေတဲ့ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဘောင်ဝီးရွာနဲ့ ဘောင်ကူးရွာက အရပ်သား ၃ ယောက်လောက်ကိုတော့ ပြန်လွှတ်ပေးပြီလို့ ကြားရပါတယ်။ နောက်ထပ် အယောက် ၁၀ ကျော်က AA လက်ထက်မှာ ကျန်အုံးမှာပါ။ ကျွန်တော်တို့ ပီချောင်း၊ မီးချောင်းနဲ့ ကုလားချောင်းဘက်မှာလည်း အရပ်သားဖမ်းဆီးမှုတွေရှိတယ်လို့ ကြားရတယ်။ ဖုန်းလိုင်းဆက်သွယ်ရေးမရလို့ နာမည်အတိအကျမရသေးဘူး။ ပြီးတော့ ကုလားချောင်းဘက်က လူငယ်တွေ ခရီးထွက်ရင်း ပျောက်ဆုံးမှုတွေ အဆက်သွယ်မရတာ အများကြီးရှိတယ်။ ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်ကဆို အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဘက်ခြမ်း AA ရဲ့ တပ်စခန်းအနီးမှာ ပိုင်ရှင်မဲ့ အမျိုးသား အလောင်း ၂ လောင်း တွေ့ရှိရတာမျိုးရှိတယ်”လို့ သူက ဆိုပါတယ်။

 

ဒါ့အပြင် AA က ဒေသခံ ချင်းလူမျိုးတွေကို တပ်သားသစ်စုဆောင်းတာ၊ လုပ်အားပေး အတင်းအဓမ္မစေခိုင်းတာတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံတွေဟာ ပြည်မနဲ့ အိန္ဒိယဘက် ထွက်ပြေးမှုတွေ ပိုများလာတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ဧပြီလ ၁၉ ရက်နေ့မှာ ကုလားချောင်းဘက်က ကျေးရွာတွေမှာ AA တွေက ရွာသားတွေ အစည်းဝေးခေါ်ယူပြီး တပ်သားသစ် သင်တန်းတက်ရမယ်ပြောတယ်။ ရွာသားတွေကလည်း AA ဆီ တာဝန်မထမ်းဆောင်ချင်လို့ ဧပြီလ ၃၀ ရက်နေ့က ရွာသား အယောက် ၄၀ လောက်က မီဇိုရမ်ဘက် ထွက်ပြေးတယ်။ ဒုတိယအကြိမ် ထပ်ပြီး မေလ ၉ ရက်၊ ၁၀ ရက်မှာ အစည်းဝေးပြုလုပ်ပြီး လူစာရင်းကောင်းသွားကြတယ်။ မတ်လ ဒုတိယအပတ်ကလည်း ဒိုးချောင်းဝကျေးရွာမှာ AA နယ်မြေမှူး ဦးလင်ဌေးက   တစ်ရွာကို သစ် (၄) တန်ထုတ်ပေးရမယ်ပြောတယ်။ ပြီးတော့ ပလက်ဝမြို့နယ်အတွင်း ဖုန်းနဲ့ ဓာတ်ပုံမရိုက်ဖို့ တွေ့ရှိရင် အပြစ်ပေးမယ်ပြောတယ်”လို့ သူက ဆိုပါတယ်။

 

ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့စည်းနဲ့ ချင်းလဲန်းကောင်စီက ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ချင်းလူမျိုးတွေအပေါ် လူ့အခွင့်ရေးချိုးဖောက်တာ ရပ်တန့်ပေးဖို့နဲ့ ဒေသခံ ချင်းလူမျိုးတွေ ဆန္ဒမပါဘဲ တပ်သားသစ်စုဆောင်းတာ မပြုလုပ်ဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အသီးသီးထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – CJ