“ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ” (ဇွန် ၉ မှ ၁၅ ရက်အထိ)
ဒီတစ်ပတ်(ဇွန် ၉ မှ ၁၅ ရက်အထိ)ကမ္ဘာ့သတင်းလွှာတွေထဲ G7 ထိပ်သီးဆွေးနွေးပွဲကျင်းပခဲ့တဲ့သတင်း၊ ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်အကြောင်း အမေရိကန်-တောင်ကိုရီးယား အရေးပေါ်ဆွေးနွေး၊ ပူတင်ရဲ့ စစ်ပွဲရပ်ရေး ကမ်းလှမ်းချက်၊ ယူရို ၂၀၂၄ ဘောလုံးပွဲတွေ စတင်၊ ဘန်ကောက်က ချတူချက်တိရစ္ဆာန်ဈေးမီးလောင် စတဲ့သတင်းတွေနဲ့အတူ တစ်ပတ်အတွင်း ထူးခြားသတင်းတွေကို စုစည်းဖော်ပြလိုက်ပါတယ်။
****************************************
“အီတလီမှာ ကျင်းပတဲ့ G7 ထိပ်သီးဆွေးနွေးပွဲ”
ဒီတစ်ပတ် ကမ္ဘာ့ထိပ်သီးအစည်းအဝေးပွဲတစ်ခုဖြစ်တဲ့ ကမ္ဘာ့အချမ်းသာဆုံး ၇ နိုင်ငံရဲ့ G-7 ထိပ်သီးအစည်းအဝေးပွဲကို အီတလီနိုင်ငံ Borgo Egnazia မြို့မှာ ဇွန်လ ၁၃ ရက်မှာ စတင်ကျင်းပခဲ့ပါတယ်။
အဲဒီမှာ လက်ရှိဖြစ်နေတဲ့ စစ်ပွဲကြီးနှစ်ခုဖြစ်တဲ့ ရုရှား-ယူကရိန်းနဲ့ အစ္စရေး-ဟားမက်စ်တို့အရေးကို အဓိထားဆွေးနွေးမယ်လို့ အိမ်ရှင် အီတလီဝန်ကြီးချုပ်က ဖွင့်ပွဲနေ့မှာ ပြောသွားပါတယ်။
ဒါ့အပြင် ဇွန် ၁၃ ကနေ ၁၅ အထိ ပြုလုပ်တဲ့ G-7 အစည်းအဝေးမှာ အာဖရိကတိုက်ကနေ ဥရောပကိုလာတဲ့ တရားမဝင်ရွှေ့ပြောင်းတဲ့ကိစ္စ၊ ကုန်ချောထုတ်လုပ်နိုင်ဖို့ ကုန်ကြမ်းတင်ပို့မှု ကွင်းဆက်မပြတ်စေအောင် လုပ်ထားဖို့လိုအပ်တဲ့ကိစ္စ၊ AI ဉာဏ်ရည်တုနည်းပညာကို ဘေးအန္တရာယ်ကင်းစွာ အသုံးချနိုင်ဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ဂျော့ဂျီယာ မယ်လိုနီက ပြောသွားပါတယ်။
ဇွန်လ ၁၃ ရက်ကနေ ၁၅ ရက်နေ့အထိ ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲ ပထမနေ့မှာပဲ G-7 ခေါင်းဆောင်တွေဟာ ယူကရိန်းသမ္မတ Volodymyr Zelenskiy နဲ့လည်း ဆွေးနွေးကြပါတယ်။ မနက်ဖြန်ကျရင်တော့ အင်ဒို ပိစိဖတ်ဒေသဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမှာဖြစ်သလို စီးပွားရေးဆိုင်ရာ အန္တရာယ်တွေအကြောင်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ AI ဉာဏ်ရည်တုဆိုင်ရာ ဆွေးနွေးပွဲကျရင်တော့ ပုပ်ရဟန်းမင်းကြီး Francis က ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဒုတိယနေ့မှာ အာရှ−ပစိဖိတ်ဒေသ လုံခြုံရေး၊ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ မဖြစ်အောင် ရှောင်ရှားတဲ့ တချိန်တည်းမှာ ဥရောပစီးပွားရေးလုပ်ငန်းတွေကို ဘယ်လို အကောင်းဆုံးကာကွယ်နိုင်မလဲဆိုတာနဲ့ ဥရောပနိုင်ငံတွေ အဓိက ကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းဝင်ရောက်မှု ပြဿနာတွေကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
လျှပ်စစ်ကားတွေ အပါအဝင် သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်မယ့် နည်းပညာနဲ့ ထုတ်ကုန်ပစ္စည်းတွေကို ကုန်သွယ်ရာမှာ မျှတတဲ့ ကုန်သွယ်မှုဖြစ်ဖို့၊ အထူးသဖြင့် ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး တရုတ်နဲ့ ကုန်သွယ်ရေး ပြဿနာတွေကို ကိုင်တွယ်ဖို့ အဓိက ဆွေးနွေးကြပါတယ်။
G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ညီလာခံ ပထမနေ့မှာ G7 ခေါင်းဆောင်တွေနဲ့ သမ္မတဂျိုးဘိုင်ဒန်တွေ့ဆုံအပြီးမှာ ယူကရိန်းကို ဒေါ်လာ ဘီလီယံ ၅၀ ချေးပေးမယ်လို့ ကြေညာသွားပါတယ်။ ဒီချေးငွေအတွက် အနောက်နိုင်ငံတွေက ထိန်းချုပ်ထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကရတဲ့အတိုးငွေနဲ့ ယူကရိန်းက ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။
****************************************
“ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ် အမေရိကန်-တောင်ကိုရီးယားအရေးပေါ်ဆွေးနွေး”
မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ စက်တင်ဘာ ရုရှားခရီးစဉ်မှာ လာလည်ဖို့ဖိတ်ကြားခဲ့တာကို ရုရှားသမ္မတဘက်ကို စိုင်းပြင်းနေပါပြီ။
ဒါကို အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယားအပါအဝင် အနောက်နိုင်ငံတော်တော်များများက စိုးရိမ်ပူပန်နေကြပါတယ်။
ရုရှားသမ္မတရဲ့ မြောက်ကိုရီးယားခရီးစဉ်အတွင်း နှစ်နိုင်ငံ စစ်ရေးပူးပေါင်းမှု အခိုင်အမာတည်ဆောက်လာနိုင်တယ်လို့ သုံးသပ်နေကြတာကြောင့်ပါ။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား အကြီးတန်းအရာရှိကြီးတွေ သောကြာနေ့ ဇွန်လ ၁၄ ရက်နေ့က ဖုန်းနဲ့ဆက်သွယ်ဆွေးနွေးရတဲ့ အထိပါပဲ။
ယူကရိန်းကို ကျူးကျော်စစ်တိုက်နေတဲ့ ရုရှားကို မြောက်ကိုရီးယားက စစ်ရေးအကူအညီတွေ ပိုမိုပေးလာမှာ၊ တစ်ဖက်မှာလည်း ရုရှားအားကိုးနဲ့ မြောက်ကိုရီးယားက တောင်ကိုရီးယားကို ရန်စလာမှာတို့ကိုလည်း စိုးရိမ်နေကြပါတယ်။
အမေရိကန်-တောင်ကိုရီးယား ဆက်သွယ်ဆွေးနွေးမှာ ပူတင်ရဲ့ခရီးစဉ်ဟာ မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ စီးပွားရေးနဲ့ စစ်ရေးဆိုင်ရာ ကျယ်ကျယ်ပြန့်ပြန့် တားမြစ်ချက်တွေကို ချိုးဖောက်တာမျိုး မဖြစ်သင့်ဘူးလို့ သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလထဲ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ရုရှားအရှေ့ပိုင်းခရီးစဉ်မှာ ရုရှားရဲ့ နောက်ဆုံးပေါ်လက်နက်တွေကို အဓိကထား ကြည့်ရှုခဲ့သလို ဂျက်တိုက်လေယာဉ်တွေထဲက ခေတ်အမီဆုံးယာဉ်ကိုလည်း ကင်မ်က ကိုယ်တိုင်ကိုယ်ကျမောင်းဂွင်ထဲထိ ဝင်ရောက်လေ့လာခဲ့တာပါ။
နောက်ပြီး ပူတင် ကိုယ်တိုင်ကလည်း ကင်မ်ကို ရုရှားရဲ့ခေတ်အမီဆုံး အာကာသယာဉ်လွှတ်တင်တဲ့ ဗော့စ်တော့ချ်နီ ကော့စ်မို ဒရုန်း(Vostochny Cosmo drome)စခန်းကို လိုက်လံပြသခဲ့သလို ရုရှားက မြောက်ကိုရီးယားရဲ့ ကောင်းကင်ဂြိုဟ်တု တည်ဆောက်ရေးမှာ အကူညီပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။
အခုလို ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံဆက်ဆံမှု တိုးလာနေပေမဲ့ ကင်မ်ရဲ့ ရုရှားခရီးစဉ်အတွင်း တရားဝင် သဘောတူစာချုပ် ချုပ်ဆိုမှုတစ်စုံတစ်ရာ မတွေ့ရတဲ့အတွက် လေ့လာသူတွေ အံ့သြခဲ့ကြရပါတယ်။
ဒါပေမဲ့ အခု ၂၄ နှစ်အတွင်း မြောက်ကိုရီးယားကို ပထမဆုံးသွားဖို့ဆိုင်းပြင်းနေတဲ့ ပူတင်ရဲ့ ခရီးစဉ်မှာတော့ နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခိုင်ခိုင်မာမာလုပ်ဆောင်လာနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
သမ္မတ ပူတင် မြောက်ကိုရီးယား သွားမယ်ဆိုတာကို ရုရှားတာဝန်ရှိသူတွေက အတည်ပြုထားပေမဲ့ ရက်အတိအကျကိုတော့ ထုတ်မပြောသေးပါဘူး။ တောင်ကိုရီးယား အာဏာပိုင်တွေကတော့ လာမယ့် ရက်ပိုင်းအတွင်း သွားဖို့ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
****************************************
“သူအနာမရှိတဲ့ ပူတင်ရဲ့ စစ်ပွဲရပ်ရေးကမ်းလှမ်းချက်”
ရုရှားကျူးကျော်စစ် ၂ နှစ်ကျော်ကာလထဲရောက်လာချိန်မှာ ပူတင်ဘက်က စစ်ပွဲရပ်ရေး ကမ်းလှမ်းချက်တစ်ခု ပထမဆုံးထွက်လာခဲ့ပါတယ်။
သူအနာမရှိတဲ့ ကမ်းလှမ်းချက်မျိုးကို သမ္မတ ဗလာဒီမာ ပူတင်ဘက်က သောကြာနေ့ ဇွန် ၁၄ ရက်က မော်စကိုမြို့မှာ ကျင်းပတဲ့ ရုရှားသံအမတ်များ ညီလာခံတစ်ခုမှာ ပြောဆိုလာတာပါ။
ပူတင်ရဲ့ ကမ်းလှမ်းချက်ထဲ NATO အဖွဲ့ထဲ ယူကရိန်းဝင်မှာကို ရပ်တန်ဖို့အပါအဝင် ဒွန်းညက်စ်ခ်၊ လူဟန့်စ်ခ်၊ ခါဆွန်နဲ့ ဇာပိုရီးရှား စတဲ့ ရုရှားက တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ထားတဲ့ နယ်မြေ လေးခုကနေ ယူကရိန်းတပ်ဖွဲ့တွေ ရုပ်သိမ်းပေးရမယ်လို့ ပြောခဲ့တာပါ။
ဒီကမ်းလှမ်းချက်ကို အမေရိကန်၊ ယူကရိန်းနဲ့ NATO အဖွဲ့တို့က ပယ်ချလိုက်ကြပါတယ်။ ပူတင်အနေနဲ့ စစ်ပွဲကို ချက်ချင်း ရပ်ပစ်လို့ရသလို ယူကရိန်းပိုင်နက်ကနေ ထွက်ခွာသွားဖို့ အားလုံးက တောင်းဆို လိုက်ကြပါတယ်။
ပူတင်မှာ ယူကရိန်းကို ညွှန်ကြားပိုင်ခွင့်မရှိဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်က ပြောလိုက်ပါတယ်။
ဒီကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတ ဇလန်းစကီးက “ယုံကြည်ချင်စရာမရှိတဲ့ ရာဇသံတစ်မျိုး” လို့ တုံ့ပြန်ပါတယ်။
****************************************
“၂၀၂၄ ယူရိုဘောလုံးပြိုင်ပွဲ စတင်”
ဂျာမနီမှာနိုင်ငံမှာကျင်းပတဲ့ ၂၀၂၄ ဥရောပဖလားလုပွဲကို သောကြာနေ့ ဇွန်လ ၁၄ ရက်နေ့က စတင်လိုက်ပါတယ်။
ပထမနေ အဖွင့်ပွဲစဉ်အဖြစ် အိမ်ရှင် ဂျာမနီနဲ့ စကော့တလန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဂျာမနီအသင်းက ဖလော်ရီယန် ဝစ်ဇ်တ်၊ မူဆီရယ်လာ၊ ကိုင် ဟာဗက်၊ ဖူးဘက်ဂ်နဲ့ အမ်မရီ ချန်တို့ရဲ့ သွင်းဂိုး ငါးဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ စကော့တလန်အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၈၇ မိနစ်မှာ ဂျာမနီနောက်ခံလူ ရူဒီဂါရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတာကနေ ရရှိသွားပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာလည်း အုပ်စု A က ဟန်ဂေရီနဲ့ ဆွစ်ဇာလန်တို့ပွဲ၊ အုပ်စု B က စပိန်နဲ့ ခရိုအေးရှားတို့ပွဲနဲ့ အီတလီ-အယ်လ်ဘေးနီးယားတို့ရဲ့ ပွဲစဉ်တွေ ကစားသွားဖို့ရှိနေပါတယ်။
ဒီပွဲရဲ့ နောက်ဆုံးဗိုလ်လုပွဲကို ဇူလိုင်လ ၁၄ ရက် ဘာလင်ကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒီအတွက် ပြိုင်ပွဲဝင် ၂၄ သင်းဟာ ၃၁ ရက်အတွင်း အကြိတ်အနယ်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ ကမ္ဘာ့ဖလား ဒုတိယ ပြင်သစ်၊ အိမ်ရှင် ဂျာမနီ၊ ဘောလုံးဘိုးအေကြီး အင်္ဂလန်တို့က ဗိုလ်စွဲဖို့ ရေပန်းစားနေကြပါတယ်။
ဂျာမနီကတော့ ၂၀ဝ၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်း ၁၈ နှစ်အကြာမှာ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲကြီးတစ်ခုကို အိမ်ရှင်အဖြစ်ပြန်လည်ကျင်းပတာလည်းဖြစ်ပါတယ်။
****************************************
“ထိုင်းက နာမည်ကျော် တိရစ္ဆာန်ဈေး မီးလောင်”
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နာမည်ကျော် ချတူချက်(Chatuchak) အိမ်မွေးတိရစ္ဆာန်ဈေးဟာ အင်္ဂါနေ့ ဇွန်လ ၁၁ ရက် မနက်အစောပိုင်းမှာ မီးလောင်ကျွမ်းခဲ့လို့ တန်ဖိုးကြီး တိရစ္ဆာန်မျိုးစိတ်တွေအပါအဝင် အကောင်ရေ ၂၀၀၀ လောက်မီးလောင်သေဆုံးခဲ့ရပါတယ်။
အဲဒီဈေးဟာ မနက် ၄ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမားတွေဟာ မိနစ် ၃၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ချတူချက် ခရိုင်ရုံးက သတင်းထုတ်ပြန်ပါတယ်။
မီးလောင်မှုကြောင့် တစ်ကောင်ကို ထိုင်းဘတ်ငွေ သောင်းဂဏန်းကနေ သိန်းနဲ့ချီတန်ဖိုးရှိတဲ့ တိရစ္ဆာန်မျိုးစိတ်တွေအပြင် အလှမွေးငါးတွေ၊ ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေနဲ့ မျောက်တွေအပါအဝင် တိရစ္ဆာန် ထောင်နဲ့ချီ မီးလောင်သေဆုံးခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်တွေက ဆိုပါတယ်။
မီးလောင်ကျွမ်းမှုဟာ ခွေးအရောင်းဆိုင်တစ်ခုရဲ့ ပိုင်ရှင်ဖြစ်သူက ခွေးတွေ သက်တောင့်သက်သာရှိစေဖို့ဆိုပြီး ပန်ကာတွေ ဖွင့်ထားခဲ့ပေးတဲ့အတွက် အဲဒီဆိုင်ကနေစပြီး လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ဆိုင်ရှင်တစ်ဦးက ဆိုပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဈေးရဲ့နေရာအတော်များများကို ပျံ့နှံ့ခဲ့ပြီးနောက် တိရိစ္ဆာန်တွေကို မီးလောင်သေဆုံးစေခဲ့ရတယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။
ချတူချက်ခရိုင်ရုံးကတော့ ဆုံးရှုံးခဲ့ရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကို ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် လတ်တလော မီးလောင်ပျက်စီးဆုံးရှုံးမှုအခြေအနေကို စာရင်းကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအိမ်မွေးတိရစ္ဆာန်ဈေးဟာ အကျယ် စတုရန်းမီတာ ၁,၄၀ဝ ရှိပြီး ဆိုင်ခန်ပေါင်း ၁၁၈ ခန်းရှိတာမှာ ဆိုင်ခန်း ၁၀၀ ကျော်မီးထဲ ပါသွားခဲ့တာပါ။