VPN ပိတ်ခံရခြင်းအပေါ် IT ပညာရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်

Author ကိုထားဝယ်
Categories
Published on Jun 16, 2024

စစ်ကောင်စီက မေလနှောင်းပိုင်းကစလို့ VPN အသုံးပြုမှုတွေကို စတင်ကန့်သတ်လာပြီးနောက်ပိုင်း အွန်လိုင်းအသုံးပြုသူ အထူးသဖြင့် Facebook အသုံးပြုသူတွေအတွက် အတော်လေးအကျပ်ရိုက်၊ ဂယက်ရိုက်ခဲ့ရပါတယ်။ အခုထိလည်း အဲဒီပြဿနာကို ဖြေရှင်းဖို့ ခက်နေကြတုန်းပါပဲ။ ဒါကြောင့် CJ Platform သတင်းဌာနက ဒီအခက်အခဲနဲ့ပတ်သက်ပြီး ဆယ်စုနှစ်တစ်ခုကြာ မြန်မာနိုင်ငံနည်းပညာကဏ္ဍမှာ ထဲထဲဝင်ဝင် မပြတ်လုပ်ဆောင်နေတဲ့ IT ပညာရှင်တစ်ဦးနဲ့ ဆက်သွယ်မေးမြန်းထားတာတွေကို ကောက်နုတ် ဖော်ပြအပ်ပါတယ်။

****************************************

 

CJ – အရင်ဆုံး VPN ဆိုတာ ဘာလဲဆိုတာ ရှင်းပြပေးစေလိုပါတယ်။

 

IT – VPN(Virtual Private Network)ဆိုတာက ကိုယ် အသုံးပြုနေတဲ့ ဒေတာတွေကို လုံခြုံစိတ်ချစွာဖြင့် လိုရာအရပ်ကို ပို့ဆောင်ပေးနိုင်တဲ့ Service တစ်ခု (သို့) နည်းပညာတစ်ခုဖြစ်ပါတယ်။ ဒီနည်းစနစ်ကို ၂၀ဝ၀ ခုနှစ် နှစ်ကုန်ပိုင်းလောက်ကနေစပြီး အသုံးတွင်ကျယ်လာတဲ့ နည်းစနစ်ဖြစ်ပါတယ်။

 

CJ – VPN ကို ဘာလို့ သုံးကြတာပါလဲ။

 

IT – VPN ဆိုတာကို သုံးရခြင်းက ကျွန်တော်တို့ သုံးနေတဲ့ Public Network ကနေ Private Network ကို ပြောင်းတာမှာ သုံးပါတယ်။ နိုင်ငံတိုင်းမှာရှိတဲ့ အစိုးရတွေကသတ်မှတ်တဲ့ ဘယ် Website ကို မသုံးရဘူးဆိုတာမျိုး ကန့်သတ်ခြင်းတွေကို ကျော်လွှားတဲ့နေရာမှာ အသုံးပြုသလို Online သုံးတဲ့အခါမှာ ကိုယ့်ဒေတာတွေလုံခြုံရေးအတွက်လည်း အသုံးပြုကြပါတယ်။

 

CJ – VPN ကို လုံးဝ ပိတ်ချလိုက်လို့ရော ရပါသလား။

 

IT – VPN ဆိုတာကို လုံးဝ ပိတ်ချလိုက်တာမျိုးတော့ မဖြစ်နိုင်ပါဘူး။ VPN ကို ပိတ်လို့မရပါဘူး။ IP Address တွေကိုပဲ ပိတ်ထားလို့ရတာပါ။ Ban ထားတယ်ပေါ့လေ။ နိုင်ငံတိုင်းမှာ သတ်မှတ်ထားတဲ့ IP Address တွေကိုယူသုံးပြီး Network တစ်ခုအဖြစ် ပြောင်းလဲယူသုံးကြတာကို VPN လို့ အလွယ်တကူ ပြောကြတာပါ။ နိုင်ငံတိုင်းမှာရှိတဲ့ IP Address ကို ယူသုံးကြတာမလို့ နိုင်ငံတိုင်းက IP Address တွေဟာလည်း အရမ်းများတာကြောင့် လိုက်ပိတ်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် အချို့နည်းပညာတတ်ကျွမ်းသူတွေက Tor Browser ကို အသုံးပြုကြပါတယ်။ Tor Browser ကတော့ ဘယ်နေရာ/ဘယ်နိုင်ငံကသုံးနေတာမှန်းမသိအောင် IP Address ကို ပြောင်းလဲပေးထားတဲ့ အကောင်းဆုံး လုပ်ပေးထားတယ်လို့ ဆိုရမှာပါပဲ။ ဒါကြောင့် IT နဲ့ ပတ်သက်ဆက်နွယ်သူတွေက Tor Browser ကို အသုံးပြုဖို့ အကြံပြုကြတာတွေလည်း ရှိပါတယ်။

 

CJ – တချို့နိုင်ငံတွေလည်း ပိတ်တာမျိုးရှိတယ်လို့တော့ ကြားတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်ကြပါသလဲ။

 

IT – တချို့နိုင်ငံတွေမှာ မကြည့်စေချင်တဲ့ Website တွေကို ကန့်သတ်ထားတာမျိုးပါ။ ဘာကြောင့်လဲဆိုရင်တော့ ရည်ရွယ်ထားတာတွေကတော့ အများကြီးရှိပါတယ်။ အတိအကျပြောဖို့တော့ ခက်ပါတယ်။ ကောင်းမွန်တဲ့ ရည်ရွယ်ချက်အနေနဲ့ ပိတ်ထားတာမျိုးတွေလည်း ရှိသလို ဝါဒမှိုင်းကို အလွယ်တကူ သွင်းနိုင်အောင် ဖန်တီးကြတာမျိုးလည်း ရှိပါတယ်။

 

CJ – မြန်မာနိုင်ငံမှာရော ဘယ်လိုရည်ရွယ်ချက်နဲ့ ပိတ်တာပါလဲ။

 

IT – မြန်မာနိုင်ငံမှာ VPN ကို ပိတ်လိုက်တယ်ဆိုတာက Free ရတဲ့ IP Address တွေကို ပိတ်ထားလိုက်တာမျိုးပါ။ သူတို့ ဘာကြောင့် ဒီလို လုပ်တာလဲဆိုတာကတော့ ပြောစရာတွေကတော့ အများကြီးပါပဲ။ ဆိုပါတော့ ကျွန်တော်တို့ မြန်မာလုပ်ငန်းရှင် အကြီး/အလတ်/အသေး အားလုံးက သူတို့ထုတ်ကုန်တွေ ရောင်းရဖို့အတွက် Facebook ကို အားပြုသုံးကြပါတယ်။ အခုက Facebook သုံးမရတော့ အဆင်မပြေတာမျိုး ဖြစ်လာနိုင်တော့ မြန်မာ့စီးပွားရေးက ကျသွားဦးမယ့်သဘောပါပဲ။ အခု နိုင်ငံရေးလှုပ်ရှားမှု အားလုံးနီးပါးက Facebook Platform ကနေ သွားနေကြတာပါ။ အလှူငွေကောက်ခံတာပဲဖြစ်ဖြစ်၊ Campaign တွေပဲဖြစ်ဖြစ် Facebook ကနေ သွားကြတာပါ။ အလှူငွေတွေ ရပ်တန့်သွားမယ်။ Campaign တွေ ရပ်တန့်သွားဖို့ ရည်ရွယ်ရင်လည်း တခြားနေရာကနေ ဆက်လက်လှုပ်ရှားနေကြဦးမယ့်အခြေအနေတွေ အများကြီးရှိပါတယ်။ တစ်ခုခု အပိတ်သဘောမျိုးဖြစ်တိုင်း ထွက်ပေါက်တစ်ခုကတော့ ရှိနေဦးမှာပါပဲ။

 

CJ – ဒီလိုဆိုတော့ ဘယ်လို VPN တွေကို သုံးရင် အဆင်ပြေနိုင်မလဲခင်ဗျာ။ Recommend လေး ပေးစေချင်ပါတယ်။

 

IT – VPN အနေနဲ့ကတော့ Paid VPN Service ကို ဝယ်သုံးပါ။ Free တွေကတော့ လိုင်းမငြိမ်တာ၊ Location ခဏခဏ ပြောင်းတာတွေကြောင့် Facebook က Lock ကျသွားတာမျိုး ဖြစ်နိုင်ပါတယ်။ Paid VPN ထဲမှာဆို Express VPN, Proton, Nord VPN စတာတွေကို အသုံးပြုရင် ရနိုင်ပါတယ်။ ဒါတောင် Paid VPN တွေရဲ့ IP Address တချို့ အပိတ်ခံလိုက်ရတာမျိုး ရှိနေပါပြီ။