“ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ” (ဇွန် ၉ မှ ၁၅ ရက်အထိ)

Published on Jun 15, 2024

ဒီတစ်ပတ်(ဇွန် ၉ မှ ၁၅ ရက်အထိ)အတွင်း နိုင်ငံတဝန်း စစ်ရေးအခြေအနေတွေအပြင် စစ်ကောင်စီရဲ့ နည်းမျိုးစုံဖိနှိပ်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု စတဲ့အ​ခြေအနေတွေကို ကြုံတွေ့ခံစားနေရတဲ့ ပြည်သူလူထုကြား ထူးခြားမှုအနေနဲ့ CJ Platformရဲ့ တစ်ပတ်စာ သတင်းကောက်နုတ်ချက်ကတော့ “ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တည် အောင်ပွဲ” ခေါင်းစဉ်နဲ့ ကချင်ဒေသရဲ့ စစ်ရေးအခြေအနေအပါအဝင် “သားကရေနစ်… သင်္ဘောပေါ်က သေနတ်နဲ့ပစ် တပ်မိသားတွေရဲ့အဖြစ်” ရခိုင်ဒေသမှာ ထွက်ပြေးရတဲ့ စစ်ကောင်စီအချင်းချင်း ကိုယ်လွတ်ရုန်းသွားတဲ့ အရာရှိတွေအကြောင်း၊ “ကျားတွေအပြင် မတွေဆီ လှည့်လာတဲ့ စစ်မှုထမ်းမြှားဦး” စစ်မှုထမ်းဖို့အတွက် မိန်းကလေးတွေကိုပါခေါ်ဆောင်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်နဲ့ စစ်ကောင်စီလက်ထက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ သိသိသာသာနည်းပါးလာတဲ့ အခြေအနေအပါအဝင် စစ်ကောင်စီက VPN အကြောင်းပြုပြီး လူထုကို တစ်ရစ်ပြီး တစ်ရစ် ထပ်ကြပ်နေတဲ့ အခြေအနေ​တစေ့တစ်စောင်းကို ကောက်နုတ်ဖော်ပြထားပါတယ်။

 

****************************************

 

“ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တည် အောင်ပွဲ”

 

ကချင်ထိုးစစ် သုံးလအရောက်မှာ တရုတ် – မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ကန်ပိုင်တည်(ကန်ပိုက်တီ)နယ်စပ်ကုန်သွယ်ရေးစခန်းလမ်းပိုင်းကို ကချင်လွတ်လပ်ရေးတပ် – KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဇွန် ၁၄ ရက်မှာ ထိန်းချုပ်လိုက်ပါတယ်။

 

ကချင်မှာ တရုတ်နဲ့ ကပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေဖြစ်တဲ့ မိုးမောက်မြို့နယ်ထဲက လွယ်ဂျယ် နဲ့ ဝိုင်းမော်မြို့နယ်ထဲက ကံပိုင်တည်တို့ရှိပါတယ်။

 

လွယ်ဂျယ်မြို့ကိုပြီးခဲ့တဲ့ ဧပြီ က ကချင်လွတ်လပ်ရေးတပ် – KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းခဲ့ပါတယ်။ တစ်လကျော်အကြာမှာတော့ နောက်ထပ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ ကံပိုင်တည်ဘက်ကို ထိုးစစ်တွေရောက်လာတာဖြစ်ပါတယ်။

 

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းကို ကေအိုင်အေသိမ်းပြီးကတည်းက နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တန့်နေပေမဲ့ KIO ရဲ့ အုပ်ချုပ်ရေးယန္တရားတော့ လည်ပတ်နေပါတယ်။

 

ပြီးခဲ့တဲ့ ဇွန် ဒုတိယပတ်ထဲမှာ ဝိုင်းမော် – ဆဒုံး -ကံပိုင်တည် လမ်းတစ်လျှောက်ကို ကေအိုင်အေက ထိုးစစ်ဆင်ခဲ့တာပါ။ ထိုးစစ် ၂ ရက်အတွင်း ဇွန် ၁၂ရက်မှာ စစ်တပ်ရဲ့ ဆဒုံးစစ်ဗျူဟာစခန်းကြီးအပါ အဝင် စစ်ကောင်စီတပ်စခန်းအချို့နဲ့ ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်စခန်း ဆယ်နဲ့ချီကို ကေအိုင်အေက သိမ်းပိုက်ခဲ့ပါတယ်။

 

ကံပိုင်တည်( ကန်ပိုက်တီ) နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုပမာဏက တစ်ရက်ကိုအမေရိကန် ဒေါ်လာ ၄ သိန်းခွဲရှိနေပြီး ဘဏ္ဍာနှစ်တစ်နှစ်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ကျော် ကုန်သွယ်မှု ပမာဏရှိပါတယ်။

 

ကချင်ထိုးစစ် ၃ လခွဲအတွင်းမှာ ကေအိုင်အေက ကချင်တစ်ပြည်နယ်လုံးမှာ စစ်တပ်စခန်း၊ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်စခန်းအပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်စခန်း ၁၁၀ ကျော်ကိုသိမ်းပိုက်ထား တယ်လို့ ကေအိုင်အေရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

 

လက်နက်ခဲယမ်းအပြည့်အစုံ၊ အမြောက်ကုန်းအပါအဝင် တပ်ဖွဲ့အင်အားရာနဲ့ချီရှိတဲ့ စစ်ဗျူဟာကုန်းနဲ့ စစ်စခန်းကုန်းကြီးက ၁၅ ခုထက်မနည်းသိမ်းပိုက်ထားတယ်လို့ ဆိုပါတယ်။

****************************************

 

“သားကရေနစ်… သင်္ဘောပေါ်က သေနတ်နဲ့ပစ် တပ်မိသားတွေရဲ့အဖြစ်”

 

အာရက္ခတပ်တော်(AA)က ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနဲ့ နယ်ခြားစောင့် တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း စခန်းစွန့်ခွာပြီး စက်လှေတွေနဲ့ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနက် အရာရှိတွေဟာ လာကယ်တဲ့ ရေတပ်သင်္ဘောပေါ် တက်ရောက်ပြီးနောက် ကျန်စစ်သည်ရဲဘော်တွေ၊ မိသားစုဝင်တွေကို သင်္ဘောပေါ် အတက်မခံဘဲ သေနတ်နဲ့ပြန်လည် ပစ်ခတ်ခဲ့ပါတယ်။

 

အဲဒီလို သင်္ဘောပေါ်အတက်မခံတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မိသားစုဝင်တွေဟာ စက်လှေတွေနဲ့ကမ်းခြေကို ပြန်ကပ်ချိန် လှိုင်းကြီးပြီး စက်လှေမှောက်တဲ့ အခြေအနေကို  စစ်ကောင်စီ တပ်သားတစ်ဦးက ရုပ်သံရိုက်ကူးပြီး ဖြစ်စဉ်အကြောင်း ရှင်းပြတဲ့ ရုပ်သံကို AA က ဇွန်လ ၁၀ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

“စက်လှေမှောက်ပြီး ကလေးတွေပါ ရေနစ်ကုန်တာဗျာ။ ရဲမိန်းမ နှစ်ယောက်ပျောက်နေတယ်ဗျာ။ ကလေး နှစ်ယောက်နဲ့” လို့ ရုပ်သံရိုက်ကူးတဲ့ စစ်ကောင်စီတပ်သားက ပြောတာကိုတွေ့ရပါတယ်။

စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်ဟာ အချင်းချင်းကြား လူသားချင်းစာနာစိတ်ကင်းမဲ့မှု၊ စစ်ခေါင်းဆောင်တပ်မှူးကြီးတွေရဲ့ ခေါင်းဆောင်မပီသမှု၊ ကိုယ်လွတ်ရုန်းထွက်ပြေးမှုနဲ့ လူ့အသိစိတ်ဓာတ် ပျောက်ဆုံးမှုတို့ကို ရှင်းလင်းစွာ ဖော်ပြနေတာဖြစ်တယ်လို့ AAက ထုတ်ပြန်ပါတယ်။

 

AAဟာ ဇွန်လဆန်းပိုင်းမှာ ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၂ရက်ကနေ ၇ရက်အတွင်း အမှတ်(၉)နယ်ခြားစောင့်တပ်ဖွဲ့(နခခ-၉)အပါအဝင် စခန်း၆ခုကို သိမ်းခဲ့တယ်လို့ အသိပေးထားပါတယ်။

****************************************

 

“ကျားတွေအပြင် မတွေဆီ လှည့်လာတဲ့ စစ်မှုထမ်းမြှားဦး”

 

ရန်ကုန်မြို့မှာ အမျိုးသမီးတွေကို စစ်မှုထမ်းခိုင်းဖို့ စစ်ကောင်စီလက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးရုံးတွေက စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။

 

အမျိုးသမီးတွေကို အပတ်စဉ် ၅ ကနေစတင်ပြီး စစ်မှုထမ်းခိုင်းဖို့အတွက် စာရင်းကောက်တော့မယ်လို့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေက အသိပေးလာတာမျိုးတွေ ပြုလုပ်လာကြတာဖြစ်တယ်လို့ ကြုံတွေ့နေရသူတချို့နဲ့ ရပ်/ကျေးအဖွဲ့ဝင်တွေက ပြောပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူနဲ့ ကျွန်းလှမြို့နယ်မှာ စစ်အုပ်စုက အမျိုးသားတွေ အပြင် အမျိုးသမီးတွေကိုပါ စစ်သားသစ် စတင်စုဆောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ ကန့်ဘလူမြို့ အနီးဝန်းကျင်က ကျေးရွာတွေ၊ ကျွန်းလှနယ် သဖန်းဆိပ်ဆည် အရှေ့ဘက်ခြမ်း က ကျေးရွာတွေကို စစ်အုပ်စုက စီးနင်းပြီး ပေါ်တာဆွဲ လူသစ်စုဆောင်းနေတာကြောင့် ဒေသခံပြည်သူ တွေ ကိုယ်လွတ်ရုန်းထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

 

စစ်ကောင်စီဘက်က ပြီးခဲ့တဲ့မေလနှောင်းပိုင်းကစပြီး အပတ်စဉ် ၃ အတွက် လူသစ်စုဆောင်းတာတွေ လုပ်နေသလို စာရင်းပါတဲ့လူငယ်တွေကိုလည်း အိမ်ပေါ်အထိ လာရောက်အဓမ္မခေါ် ဆောင်တာတွေ လည်း လုပ်နေပါတယ်။

 

အခုတော့ အပတ်စဉ် ၁ နဲ့ ၂ ကို စစ်ကောင်စီ တိုင်းနဲ့ ပြည်နယ်တွေက စစ်သင်တန်းကျောင်းတွေမှာ သင်တန်းပေးနေကြပါတယ်။

 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသားတိုင်း၊ အသက် ၁၈ ကနေ ၂၇ နှစ်ထိ အမျိုးသမီးတိုင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခုခုနဲ့ အသက်မွေးဝမ်းကျောင်းနေ တဲ့ အမျိုးသားတွေဆိုရင် ၄၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် ၃၅ နှစ်အထိ စစ်မှုထမ်းဖို့အကျုံးဝင်ပြီး စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ တာဝန်ပျက်ကွက်တယ်ဆိုရင်တော့ ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချ မှတ်နိုင်တယ်လို့ အသိပေးထားပါတယ်။

****************************************

 

“စစ်ကောင်စီအတွက် အောင်စာရင်းမဖြစ်ခဲ့တဲ့ အောင်စာရင်း”

 

မြန်မာနိုင်ငံမှာ စစ်ကောင်စီက ဆောင်ရွက်တဲ့ ၁၂ တန်း ပညာရေးစနစ်ရဲ့ တက္ကသိုလ်ဝင်ခွင့် အောင်စာရင်းကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့က မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

အောင်ချက်ရာခိုင်နှုန်းက ၅၇ ရာခိုင်နှုန်းကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၃၀,ဝ၀ဝ နီးပါးသာရှိပြီး အာဏာမသိမ်းခင်က အရေအတွက်နဲ့ အဆမတန်ကွာဟနေပါတယ်။

 

စစ်ကောင်စီရဲ့ပညာရေးစနစ်အပေါ်မှာ စိတ်ဝင်စားမှုကျဆင်းနေပြီး ကျောင်းတက်ရောက်သူနဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ သိသိသာသာ ကျဆင်းလာတယ်လို့ ကျောင်းသား မိဘတွေက ဆိုပါတယ်။

 

၂၀၂၄ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၁၂၈,၈၂၀ ဦးရှိတဲ့အထဲ အောင်မြင်သူ ၇၄,၅၉၂ ရှိပြီး အောက်ချက် ရာခိုင်နှုန်းက ၅၇.၉၀ ရာခိုင်နှုန်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

စစ်အာဏာမသိမ်းခင်က ၂၀၁၉ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၉ သိန်းနီးပါးရှိခဲ့ပေမယ့် စစ်ကောင်စီလက်ထက် ၂၀၂၄ ပညာသင်နှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ တစ်သိန်းသုံးသောင်းနီးပါးသာ ရှိခဲ့ပါတယ်။

 

ဝင်ရောက်ဖြေဆိုသူအရေအတွက် ကိန်းဂဏန်းတွေအရ စစ်ကောင်စီလက်ထက် ပညာရေးစနစ်အပေါ် စိတ်ဝင်စားမှုကျဆင်းနေပြီး ကျောင်းတက်ရောက်သူ ဦးရေလည်း လျှော့နည်းနေတာကို တွေ့ရပါတယ်။

****************************************

 

“စစ်ကောင်စီ တစ်ရစ်ထပ်ကြပ်တဲ့ VPN ဂယက်”

 

လက်ရှိမှာ လူမှုကွန်ရက် သုံးစွဲသူတွေ VPN အသုံးပြုချိတ်ဆက်တာတွေ ခက်ခဲလာတဲ့အပြင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးအချို့မှာလည်း လုံခြုံရေးတပ်ဖွဲ့တွေက လမ်းသွားလမ်းလာ ပြည်သူတွေဆီက လက်ကိုင်ဖုန်းတွေမှာ VPN ဆော့ဖ်ဝဲတွေ ရှိ၊ မရှိ ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ VPN ဆော့ဖ်ဝဲလ်တွေတွေ့ရင် အတည်မပြုနိုင်သေးတဲ့ ဆိုက်ဘာလုံခြုံရေး ဥပဒေမူကြမ်းကို အကြောင်းပြပြီး ဖုန်းကိုသိမ်းတာ၊ ဒဏ်ငွေရိုက်တာတွေ ပြုလုပ်နေတယ်လို့လည်း ဆိုပါတယ်။

 

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ထုတ်ပြန်တဲ့ Freedom on the Net အစီအရင်ခံစာမှာ အင်တာနက်လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ မြန်မာနိုင်ငံဟာ ဒုတိယ အဆိုးဆုံး နိုင်ငံဖြစ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် ဒီဂျစ်တယ်အခွင့်အရေး လှုပ်ရှားရေးအဖွဲ့ Access Now ရဲ့ ထုတ်ပြန်ချက်မှာလည်း အင်တာနက်ပိတ်ဆို့မှု အဆိုးဝါးဆုံး ကမ္ဘာ့နိုင်ငံတွေစာရင်းမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ပဋိပက္ခအခြေအနေတွေ ဆိုးရွားစွာဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံလည်း ပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။

 

နိုင်ငံတကာ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (International Covenant on Civil and Political Rights – ICCPR) ရဲ့ အပိုဒ် ၁၉ မှာ လူတိုင်းဟာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ နိုင်ငံတကာပြဋ္ဌာန်းချက် တွေကို အလေးမထားတဲ့အပြင် တဖက်မှာလည်း ကန့်သတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေ၊ အက်ပလီ ကေးရှင်းတွေကို ကျော်ပြီး ကြည့်နိုင်တဲ့ VPN (Virtual Private Network) နည်းပညာကိုပါ တစ်ဆင့် ထပ်တိုးပြီး ပိတ်ပင်လာတာလည်း ဖြစ်ပါတယ်။

 

ဒါပေမယ့် နည်းပညာကျွမ်းကျင်သူတွေကတော့ လူသုံးများနေတဲ့ VPN တွေပိတ်လိုက်ပေမယ့် Play Store ပေါ်မှာ အသုံးပြုလို့ရနေသေးတဲ့ VPN ပေါင်း မြောက်များစွာ ကျန်နေသေးတဲ့အတွက် VPN တွေ အပြီးတိုင် ပိတ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုနေကြပါတယ်။ ဒါကြောင့် မြန်မာလူထုအနေနဲ့ VPN တွေ ဆက်သုံးနိုင်မှာလား၊ လုံးဝအမြစ်ဖြတ် အပိတ်ခံရနိုင်လားဆိုတာကတော့ ပဟေဠိတခုသဖွယ် ရှိနေဆဲဖြစ်ပါတယ်။