မန္တလေးမှာ အဖွားအိုတစ်ဦး Heat Stroke ဖြစ်ပြီး သတိလစ်လို့ ရေခဲရေလောင်းချိုး

Author အညာသား
Categories
Published on May 16, 2024

မန္တလေးမြို့မှာ ဒီနေ့ မေ ၁၆ ရက်က အဖွားအိုတစ်ဦး အပူချိန်လွန်ကဲပြီး(Heat Stroke)ဖြစ်လို့ မဏီစလလူမှုကူညီရေးအသင်းက သွားရောက်ခေါ်ယူပြီး အရေးပေါ်ကုသပေးခဲ့ရပါတယ်။

 

မဟာအောင်မြေမြို့နယ် ၈၄ လမ်းနဲ့ ၃၇ လမ်းအနီးရှိ မြို့ခံတွေက လူမှုကူညီရေးအသင်းရုံးကို ဖုန်းဆက်အကူအညီတောင်းခံလာတဲ့အတွက် အသင်းရုံးက အရေးပေါ်ကားနဲ့ သတိလစ်နေတဲ့ အဖွားအိုကို အချိန်မီသွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

“အရေးပေါ်အခြေအနေဆိုတော့ ရေခဲရေတွေလောင်းချိုးပေးခဲ့ရတယ်” လို့ မဏီစလအသင်းရုံးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီနောက် အဖွားအိုကို အသင်းရုံးရဲ့ ပရဟိတဆေးခန်းမှာရှိတဲ့ ဆရာဝန်နဲ့ သူနာပြုတွေက လိုအပ်တဲ့ ဆေးဝါးတွေနဲ့ အောက်ဆီဂျင်တို့ ပေးခဲ့ပြီး သတိပြန်ရလာတယ်လို့ သိရပါတယ်။

 

လတ်တလော အဖွားအိုကို အသင်းရုံးက ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး အဲဒီအဖွားကို သိရှိသူတွေအနေနဲ့ အမြန်ဆုံးဆက်သွယ်ပေးဖို့လည်း အသင်းက အသိပေးကြေညာထားပါတယ်။

 

မန္တလေးမှာ ဧပြီလတစ်လလုံး လူသေဆုံးတဲ့အထိ အပူဒဏ်ခံစားခဲ့ရပြီး အပူချိန် ၄၄၊ ၄၅ ဒီဂရီဆဲလ်ဆီးယက်အထိရောက်ခဲ့ပါတယ်။ အဲဒီနောက် မေလဆန်းပိုင်းမှစပြီး မိုးသက်လေပြင်းများကျရောက်ခဲ့မှုကြောင့် အနည်းငယ်အပူချိန်လျော့ကျခဲ့ပေမဲ့ အခုရက်ပိုင်းအပူချိန်တွေပြန်လည်မြင့်တက်လာခဲ့ရာ ၄၃၊ ၄၄ ဒီဂရီထိရှိလာတဲ့အတွက် မြို့ခံတွေအပူဒဏ်ကို အလူးလဲခံစားနေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – မဏီစလ