မြန်မာ့နိုင်ငံအကျပ်အတည်း ငြိမ်းချမ်းစွာဖြေရှင်းနိုင်ဖို့ KNU၊ KNPP ခေါင်းဆောင်တွေနဲ့ ဂျပန် ဒု-နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

Author လင်းနွေဦး
Categories
Published on May 16, 2024

မြန်မာနိုင်ငံတွင်းဖြစ်ပေါ်နေတဲ့  နိုင်ငံရေးအခက်အခဲတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ KNU၊ KNPP ခေါင်းဆောင်တွေနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ကိုမူရာ မဆာဟီရို(KOMURA Masahiro)တို့  ပြီးခဲ့တဲ့ မေလ ၁၄ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

 

ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီးက မြန်မာတိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့နဲ့ ခဏတာတွေ့ဆုံမှုအတွင်းမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့  နိုင်ငံရေးအခင်းအကျင်းနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ခဲ့တာလို့ ထုတ်ပြန်ချက်အထဲ ဖော်ပြပါတယ်။

 

ဂျပန်အစိုးရအနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကိစ္စရပ်တွေအပေါ် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ ကြိုးပမ်းသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုခဲ့မှုပေါ် မြန်မာတိုင်းရင်းသားခေါင်းဆောင်တွေဘက်က ဂျပန်အစိုးရနဲ့ ပြည်သူတွေရဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှုတွေအတွက် ကျေးဇူးတင်စကားပြန်လည်ပြောဆိုခဲ့ပါတယ်။

 

ဒါ့အပြင် ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံရေးအခြေအနေ ငြိမ်းချမ်းဖို့အတွက် ပါဝင်ဆောင်ရွက်ပေးမယ့် အခန်းကဏ္ဍကိုလည်း မျှော်လင့်ပါတယ်လို့ မြန်မာတိုင်းရင်းသားခေါင်းဆောင်တွေဘက်က ပြောဆိုခဲ့တဲ့အပြင် ပိုမိုတိုးတက်ကောင်းမွန်တဲ့ ရလဒ်တွေ ဖြစ်လာဖို့၊ တစ်ဖက်နဲ့ တစ်ဖက် ဆက်ဆံရေးကောင်းတွေရှိလာဖို့ အနီးကပ် ချိတ်ဆက်ဆောင်ရွက်မှုတွေ ပြုလုပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့တာပါ။

 

ဒီလိုတိုင်းရင်းသားအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ နိုင်ငံတကာနဲ့ တွေ့ဆုံဆွေးနွေးမှုအဖြစ် ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းကလည်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet) နဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ KNU၊ KNPP၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နဲ့ ချင်းအမျိုးသားတပ်ဦး (CNF)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါသေးတယ်။

 

ဓာတ်ပုံ- ဂျပန် နိုင်ငံခြားရေးရာ ဝန်ကြီးဌာန