နမ့်ဆမ်မှာ မီးလောင်လို့ အိပ်ပျော်နေတဲ့ မသန်စွမ်းတစ်ဦးသေဆုံး

Author လဂွန်းအိမ်
Categories
Published on May 16, 2024

ရှမ်းပြည်(မြောက်ပိုင်း)၊ တအောင်းတပ် TNLA ထိန်းချုပ်ထားတဲ့ နမ့်ဆမ်မြို့နယ် အုမ်းတက်ကျေးရွာမှာ မီးလောင်ကျွမ်းခဲ့ရာမှ နေအိမ် ၃ လုံးမီးလောင်ပြာကျခဲ့ပြီး အိပ်ပျော်နေတဲ့ မသန်စွမ်း ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ထုတ်ပြန်ထားပါတယ်။

 

မနေ့ မတ်လ ၁၅ ရက် နံနက် ၅ နာရီခန့်မှာ မီးအကြွင်းအကျန်ကနေ စတင်လောင်ကျွမ်းကာ ဘေးကပ်လျက် နေအိမ် နှစ်လုံးပါ မီးကူးဆက်လောင်ကျွမ်းသွားခဲ့ရပြီး အတွင်းပစ္စည်းတွေလည်း အားလုံးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

 

ယာမယ် ကျော်ထွန်းဆိုသူရဲ့ နေအိမ်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့ မီးလောင်မှုကြောင့် အသက် ၂၀ အရွယ် စွံ့အနားမကြားဝေဒနာခံစားနေရတဲ့ မိုင်းအောင်ဆိုတဲ့ မသန်စွမ်းလူငယ်တစ်ဦး နေအိမ်အတွင်း အိပ်ပျော်နေစဉ် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

 

မီးလောင်တဲ့နေရာဆီ PSLF/TNLA တရားဥပဒေစိုးမိုးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး မီးဘေးသင့်မိသားစုဝင်တွေကို ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA