ဖားကန့်မှာ တန်ဖိုးနည်းထမင်းစားကျောက်တွေအထိ အခွန်ကောက်လို့ ရေမဆေးကျောက်ရှာဖွေသူတွေ အခက်တွေ့

Author အညာသား
Categories
Published on May 16, 2024

ကချင်ပြည်၊ ကျောက်စိမ်းဒေသ ဖားကန့်ရှိ ကျောက်လုပ်ကွက်အသီးသီးက စွန့်ပစ်မြေစာပုံကထွက်တဲ့ တန်ဖိုးနည်းထမင်းစားကျောက်တွေအထိ အခွန်ကောက်ခံနေတာကြောင့် အောက်ခြေ ရေမဆေးကျောက်ရှာဖွေသူတွေ အခက်အခဲဖြစ်ပေါ်နေတယ်လို့ ရေမဆေးကျောက်ရှာသူတွေဆီက သိရပါတယ်။

ဖားကန့် ကျောက်စိမ်းမြေရဲ့အခွန်အခဆိုင်ရာ ကိစ္စရပ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO)ရဲ့ သယံဇာတအဖွဲ့က အဓိက စီမံဆောင်ရွက်နေတာဖြစ်တယ်လို့ သိရပြီး အိမ်ခြံမြေကိစ္စကစလို့ ကျောက်စိမ်းရောင်းဝယ်မှုတွေရဲ့ ဆယ်ပုံတစ်ပုံ(ဒေသအခေါ် ဆယ်,တစ်) အခွန်ဆောင်ရတယ်လို့ ဒေသခံတွေဆီက သိရတယ်။

အခုအခါ စွန့်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက်ရှာဖွေသူတွေရရှိတဲ့ တန်ဖိုးနည်းကျောက်စိမ်းတွေအထိပါ အခွန်၊ အခ၊ အစုလိုက်ယူနေတာနဲ့ပတ်သက်လို့ ရေမဆေးကျောက်ရှာဖွေသူတစ်ဦးက “အခုက သိန်းကျောက်လေးတွေကအစ အစုလိုက်တောင်းနေတာ။ တစ်သိန်းလောက်ရောင်းရမယ့်ကျောက်က ကျောက်အတူရှာခဲ့ကြတဲ့ သူငယ်ချင်းပွဲခပေးရ၊ သူတို့ကို အစုပေးရဆိုရင် ဘာမှမကျန်တော့ဘူးလေ” လို့ ပြောပါတယ်။

ရရှိလာတဲ့ ကျောက်စိမ်းဟာ တန်ဖိုးကြီးလို့ အခွန်၊ အခ၊ အစုလိုက် ပေးနေရတဲ့အပေါ် ရေမဆေးကျောက်ရှာဖွေသူတွေအတွက် ပြဿနာအခက်အခဲ မရှိပေမဲ့ တန်ဖိုးနည်းထမင်းစားကျောက်လေးတွေအထိ အခွန်၊ အခ၊ အစု လိုက်ယူနေတာကြောင့် အခုလို တော်လှန်ရေးကာလအတွင်း အခြေခံလူတန်းစား ရေမဆေးကျောက်ရှာဖွေသူတွေရဲ့ အခက်အခဲတွေကို ကိုယ်ချင်းစာနာပေးပြီး ထမင်းစားကျောက်၊ သိန်းကျောက်(တစ်သိန်း၊ နှစ်သိန်းတန်)ကျောက်တွေကို အခွန်အခဖြေလျှော့ ကင်းလွတ်ခွင့်ပေးဖို့ ‌ရေမဆေးကျောက်ရှာဖွေသူ အခြေခံလူတန်းစားအများစုက တောင်းဆိုကြပါတယ်။

“တာဝန်ရှိတဲ့သူတွေအနေနဲ့ အခွန်၊ အခ၊ အနည်းငယ်လျှော့ပေးခဲ့မယ်ဆိုရင် ရေမဆေးကျောက်ရှာဖွေသူတွေ မြေစာပုံမှာ ကော်ဖီသောက်ဖို့၊ ခေါက်ဆွဲပြုတ်စားဖို့၊ မိသားစုတွေအတွက် ဟင်းတစ်ခွက်လည်းဖြစ်နိုင်ပါတယ်” လို့ ရေမဆေးကျောက်ရှာသူတစ်ဦးက ပြောပါတယ်။

 

ဖားကန့်ဒေသတွင်း ကွန်းခိုနေကြသူတွေအနေနဲ့ မိမိတို့ရရှိလာတဲ့ ဥစ္စာပစ္စည်းအပေါ် သတ်မှတ်ချက်နဲ့အညီ အခွန်အခပေးဆောင်ရမှာကို သိရှိပြီး ဖြစ်သလို လေးစားလိုက်နာရမှာကိုလည်း သိရှိကြတယ်လို့ ဆိုကြပါတယ်။

 

သို့ပေမဲ့ အခုလို ကျောက်စိမ်းတူးဖော်ရာသီသိမ်းချိန်ဖြစ်တဲ့အပြင် ခေတ်ကာလပျက်ယွင်းမှုနဲ့အတူ ဒေသထွက်စားသောက်ကုန်မရှိတဲ့ ဖားကန့်ကျောက်စိမ်းဒေသဟာ တခြားဒေသတွေထက် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ခံစားနေရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – အောင်ဟိန်းမင်း