မောရဝတီရေတပ်စခန်းကပစ်တဲ့ လက်နက်ကြီးထိမှန်လို့ ကလေးအရွယ် မောင်နှမနှစ်ယောက်သေဆုံး
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ စစ်ကောင်စီရဲ့ မောရဝတီ ရေတပ်စခန်းဌာနချုပ်ကပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်လို့ ကလေးအရွယ် မောင်နှမနှစ်ဦးသေဆုံးသွားတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မနေ့ မေလ ၁၅ ရက် နံနက် ၁၁ နာရီလောက်က အုန်းပင်ကွင်းရွာအခြေစိုက် အဲဒီရေတပ်စခန်းဌာနချုပ်ကပစ်ခတ်တဲ့ လက်နက်ကြီးဟာ ခြောက်မိုင်ကျော်ဝေးတဲ့ ရေဖြူမြို့၊ ဇာဒီကျေးရွာထဲကျလို့ အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးအောင်နဲ့ ညီမဖြစ်သူ အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့်တို့ သေဆုံးသွားတာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ထိခိုက် ဒဏ်ရာရတာတွေတော့ မကြားရဘူးဗျ။ လက်နက်ကြီးက လေးလုံးတောင်ကျတာ။ အဲဒီလိုကျပြီးကတည်းက တစ်ရွာလုံး ဘေးလွတ်ရာ ပြေးကြတာဆိုတော့ ထိခိုက်ဒဏ်ရာရစာရင်း မကြားရသေးဘူး” လို့ သူက ပြောပါတယ်။
ဇာဒီကျေးရွာမှ ဒေသခံ အမျိုးသားတစ်ဦးက စစ်ကောင်စီရေတပ်စခန်းမှ အနီးနားကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ တစ်ပတ်ခန့်ရှိပြီလို့ ပြောပါတယ်။
“တစ်ပတ်လောက်ရှိပြီ လက်နက်ကြီးနဲ့ပစ်တာ။ အရင်ကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘူး။ မနေ့ကတော့ ဒီရွာထဲကျတာ ကလေးနှစ်ယောက်သေသွားတယ်” လို့ သူက ပြောပါတယ်။
အဲဒီလို ပစ်ခတ်မှုဟာ အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ ကျေးရွာတွေကို စစ်ကောင်စီရေတပ်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ ညနေပိုင်းကလည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၁၆ နှစ်အရွယ် ကလေးငယ်နှစ်ဦး သေဆုံးခဲ့သလို မေလ ၁၀ ရက်နေ့ကလည်း အဲဒီရွာကို လေကြောင်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့လို့ လှေလုပ်သား သုံးဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်)