ပြည်သူတွေလိုလားတဲ့ ပါတီစုံဒီမိုရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ စစ်ခေါင်းဆောင်က အာဆီယံ မြန်မာကိုယ်စားလှယ်ကိုပြော

Author ကိုထားဝယ်
Categories
Published on May 16, 2024

စစ်ကောင်စီကြောင့် မြန်မာပြည်သူတွေ အခက်အခဲအကြပ်အတည်းမျိုးစုံနဲ့ ရင်ဆိုင်နေရချိန် လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုပြီး ကျင်းပဖို့ စစ်ခေါင်းဆောင်က စိုင်းပြင်းနေတာပါ။

 

အဲဒီမှာ လာသမျှ နိုင်ငံခြားသားနဲ့ အဖွဲ့အစည်းတွေကို စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲအကြောင်း ခေါ်ယူရှင်းပြနေတာဖြစ်ပါတယ်။

 

မနေ့က နေပြည်တော်ကို ရောက်လာတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H.E. Mr. Alounkeo Kittikhoun နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံခဲ့ရာမှာလည်း အဲဒီလိုပါပဲ။

 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်သူများ၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့်ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများ” ကို ရှင်းပြခဲ့တယ်လို့ ဒီနေ့ မေ ၁၆ ရက်ထုတ် စစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ကြပါတယ်။

 

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အခြေအနေမှန်တွေ သိရှိအောင် ဆောင်ရွက်ဖို့လိုအပ်တဲ့ အခြေအနေတွေ၊ စစ်ကောင်စီချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ် ငါးရပ်အကြောင်း၊ နိုင်ငံထဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းနိုင်ရေး အာဆီယံအနေနဲ့ ကူညီပေးမယ့်အခြေအနေ၊ အာဆီယံ-မြန်မာ ပူးပေါင်းဆောင်ရွက်သင့်တဲ့အခြေအနေတွေဆိုပြီး စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။

စစ်ကောင်စီက ပါတီစုံရွေးကောက်ပွဲလို့ ပြောနေပေမဲ့ အခုထိ သူတို့ ရွေးကောက်ပွဲကော်မရှင်က ပါတီ ၁၅ ခုမှာ ၁၂ ပါတီပဲ ခွင့်ပြုပေးထားပြီး နှစ်ပါတီကို ပယ်ဖျက်ခဲ့သလို ချင်းအမျိုးသားပါတီကို စိစစ်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ဝါဒဖြန့်သတင်းစာတွေကနေတစ်ဆင့် ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 

အရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီလက်ထက်က ပါတီ ၉၀ ကျော်နဲ့ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကို ကျင်းပခဲ့ရာမှာ NLD က မဲလိမ်၊ မဲခိုးတယ်ဆိုတဲ့ စစ်တပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(USDP)တို့က စွပ်စွဲပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် လွှတ်တော်သစ်တွေ စမယ့်နေ့မှာပဲ ရွေးကောက်ခံထားရသူတွေကို ဖမ်းဆီးကာ အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

 

အဲဒီလို တစ်ဖက်သတ်စွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့စစ်တပ်ကပဲ ပြည်သူတွေလိုလားတယ်လို့ ခေါင်းစဉ်တပ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ရေး အပူတပြင်းလုပ်ဆောင်နေကြတာဖြစ်ပါတယ်။

 

ဒါပေမဲ့ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို ဒီမိုကရေစီလိုလားတဲ့ ပြည်တွင်း/ပြည်ပက မြန်မာနိုင်ငံသားတွေဟာ ပါဝင်ဖို့ ဆန္ဒမရှိဘဲ စစ်ကောင်စီ ဖြုတ်ချနိုင်ရေးကိုပဲ အာရုံစိုက်နေတယ်လို့ ပြောနေကြတာပါ။

 

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့်သတင်းစာများ