ဆီဆိုင်မှာ ဗုံးသီးစနက်တံကို ထုရိုက်မိလို့ ပေါက်ကွဲပြီး လေးဦး ထိခိုက်ဒဏ်ရာရ

Published on May 16, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ သီရိရပ်ကွက် နယ်မြေ (၃)မှာ ဒီနေ့ မေလ ၁၆ ရက် မနက် ၁၁ နာရီလောက်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

အဲဒီမှာ စစ်ရှောင်နေရာက အိမ်ကိုပြန်လာပြီး သံတိုသံစကောက်တဲ့အထဲမှာပါလာတဲ့ ဗုံးစနက်တံကို မောင်ကျော်ထူး(၁၂)နှစ်က ထုရိုက်ကစားရာကနေ ပေါက်ကွဲခဲ့လို့ ကိုအောင်ကိုနိုင်(၂၇) နှစ်၊ ကိုဝေယံလင်း(၂၇)နှစ်နဲ့ ကိုကျော်ထူးရဲ့ မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ သူတို့ကစစ်ရှောင်နေရင်းကနေ အိမ်ကို ခဏလာကြည့်ရင်း သံတိုသံစတွေကောက်တဲ့အထဲက ပါလာတာ။ ဘောပင်လိုမျိုးအတံလေးဆိုတော့ ကလေးက ဆော့တာပေါ့။ ထုလိုက်တာ ပေါက်ကွဲပြီး ဘေးနားက ကွမ်းစားရင်းထိုင်နေတဲ့ နှစ်ယောက်နဲ့ သူ့အမေကိုထိတာပေါ့”လို့ ဆီဆိုင်ဒေသခံ အမျိုးသမီးက CJ Platform ကိုပြောပါတယ်။

 

အဲဒီပေါက်ကွဲမှုကြောင့် မောင်ကျော်ထူးမှာ လက်မ၊ လက်ညှိး၊ လက်ခလယ် ပြတ်ထွက်၊ ဘယ်ဘက်လက်ဖဝါးစုတ်ပြဲ၊ ညာခြေဖမိုးအစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သလို ကိုအောင်ကိုနိုင်မှာ  ညာဘက်လက်အစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ကိုဝေယံလင်းမှာ ဘယ်ဘက်ပေါင်နဲ့ ခြေမျက်စိအစထိမှန် ဒဏ်ရာ(မစိုးရိမ်ရ) ၊ ကိုကျော်ထူးရဲ့မိခင်မှာ နားရွက်နောက်ကိုထိမှန်( မစိုးရိမ်ရ) ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တစ်ဦးဆီက သိရပါတယ်။

 

“ညီအစ်ကို အိမ်နီးချင်းတွေ သူတို့အားလုံးက ကျပန်းတွေ။ သံတိုသံစကောက်လာတဲ့ထဲပါတဲ့ တရုတ်လက်ပစ်ဗုံးဖြူးကိုထုမိတာလေ။ ဘေးနားကထိုင်နေသူတွေကတော့ သာမန်ထိခိုက်ဒဏ် ရာရတယ် သူတို့အိမ်ထဲမှာပဲ ဖြစ်တာ” လို့ အဲဒီသတင်းရင်းမြစ်က ပြောပါတယ်။

 

ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆီဆိုင်မြို့နယ်၊ ပြည်သူ့ဆေးရုံကို လူနာတင်ယာဉ်နဲ့ နေ့လယ် ၁ နာရီ ၄၀ မိနစ်မှာ ပို့ဆောင်ခဲ့ပြီး မောင်ကျော်ထူးနဲ့ သူ့ရဲ့ မိခင်ကို တောင်ကြီးမြို့၊ စပ်စံထွန်းဆေးရုံကို လွှဲပြောင်းထားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- ပေးပို့

 

ပုံစာ – ထိခိုက်ဒဏ်ရာရရှိသူ မောင်ကျော်ထူး