ရန်ကုန်အပြင် အညာဒေသမှာပါ ဥယျာဉ်မှူးစစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မယ်

Author လဂွန်းအိမ်
Categories
Published on May 16, 2024

Yangon UG တွေအပါအဝင် PDF တွေနဲ့ဖွဲ့စည်းထားတဲ့ ပူးပေါင်းအဖွဲ့အနေနဲ့ ရန်ကုန်မြို့ပြမှာ ပြောက်ကျားစစ်ဆင်ရေးတွေပြုလုပ်တာအပြင် အညာဒေသတွေမှာပါ ဥယျာဉ်မှူးစစ်ဆင်ရေးအမည်နဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်မယ်လို့ သိရပါတယ်။

 

ဥယျာဉ်မှူးစစ်ဆင်ရေးဟာ ပြည်ထောင်စု ကန်ပိန်းဆိုတဲ့ စစ်ဆင်ရေးအနေနဲ့ PDF လေးဖွဲ့နဲ့ UG နှစ်ဖွဲ့တို့ ပူးပေါင်းဖော်ဆောင်မှာဖြစ်ပါတယ်။

 

ဥယျာဉ်မှူးစစ်ဆင်ရေးရဲ့ ပထမဆုံးတိုက်ခိုက်မှုကို မေလ ၁၄ ရက် ည ၉ နာရီ ၄၃ မိနစ်ခန့်က  စစ်ကောင်စီတပ်များကြီးစိုးရာ မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့် အဝေးထိန်း မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့က မနေ့ မေ ၁၅ ရက်က ထုတ်ပြန်ထားပါတယ်။

 

အခုတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သားတွေ မိုင်းအနားရောက်ရှိစဉ် ဖောက်ခွဲခဲ့တာဖြစ်လို့ ထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ YGN UG အဖွဲ့ တာဝန်ခံ Garuda က CJ Platform ကိုပြောပါတယ်။

 

“မြို့ပြနဲ့ အညာတွေမှာ စစ်ဆင်ရေးတွေလုပ်ဖို့ရှိပါတယ်။ ဒီပထမဆုံးတိုက်ခိုက်တဲ့ပွဲမှာတော့ အဝေးကနေဖြစ်နေတာကြောင့် ထိသွားတာတွေ့လိုက်ရပေမယ့် အသေးစိတ်တော့ မသိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

 

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်သားတွေက စစ်ဆေးရေးတင်းကြပ်ထားပြီး ဆိုင်ကယ်တစ်စီးတည်း သုံးယောက်စီးသွားသူတွေကို လမ်းကြိုလမ်းကြားထိ လိုက်လံဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။

 

ဥယျာဉ်မှူးစစ်ဆင်ရေးမှာ မြေလတ်ဒေသ စစ်ကိုင်း၊ မကွေးမြို့တွေမှာရှိတဲ့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ချေမှုန်းသွားမယ့်အပြင် စစ်ကောင်စီကြီးစိုးတဲ့ မြို့ပြတွေကိုလည်း ထိရောက်စွာတိုက်ခိုက်ဖို့ဖြစ်တယ်လို့လည်း သိရပါတယ်။

 

“ပြည်သူတွေအနေနဲ့ အခုဥယျာဉ်မှူးစစ်ဆင်ရေး(ပြည်ထောင်စုကန်ပိန်း)မှာ တတ်နိုင်သမျှ ပါဝင်ပေးကြပြီး သတင်းကောင်းတွေနားစွင့်နေဖို့ မေတ္တာရပ်ခံလိုပါတယ်” လို့ YGN UG တာဝန်ခံ Garuda က CJ Platform ကို ထပ်မံပြောကြားပါတယ်။

 

ပြည်ထောင်စုကန်ပိန်းဟာ ဥယျာဉ်မှူးစစ်ဆင်ရေးအတွက်ဖြစ်ပြီး ကမ်ပိန်းအောင်မြင်ပါက ဒေသတွင်းတပ်ဖွဲ့တွေနဲ့ မဟာမိတ်အဖြစ် ထပ်မံပေါင်းစည်းပြီး စစ်ကောင်စီအမြစ်ပြတ်တဲ့အထိ တိုက်ခိုက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

မင်္ဂလာဒုံမြို့နယ်ရှိ ရွှေနံ့သာအုပ်‌ချုပ်ရေးမှူးရုံးကို UG အဖွဲ့တွေ မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ဒီနှစ် ဧပြီလ ၃ ရက်နေ့မှာ အဲဒီရုံးအနီးရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခဲ့မှုမှာ ထိခိုက်သေဆုံးခဲ့တာတွေရှိခဲ့ပါတယ်။

 

ဒါ့အပြင် ၂၀၂၂ ခုနှစ် ဩဂုတ်လတုန်းက ရွှေနံ့သာရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ဇနီး ပစ်ခတ်ခံခဲ့ရတာကြောင့် သေဆုံးခဲ့ပါသေးတယ်။ အဲဒီအချိန်တုန်းက စစ်ကောင်စီက လုပ်ဆောင်သူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးအနီး စစ်ကောင်စီဂိတ်စခန်းတစ်ခုကိုတွေ့ရစဉ်