ညောင်တုန်းတွင် သင်္ကြန်ရေကစားရင်း ရေဆင်းကူးရာမှ မိန်းကလေးငယ် နှစ်ဦးရေနစ်သေဆုံး

Author ဂျွန်နသန်
Categories
Published on Apr 16, 2024

ဧရာဝတီတိုင်း ညောင်တုန်းမြို့ တွင် ဧပြီလ ၁၄ ရက်နေ့က လူငယ်အချို့ ရေကစားရန်ဟုဆိုကာ နေအိမ်မှ ထွက်လာပြီးနောက် ပန်းလှိုင်မြစ်အတွင်း ရေဆင်းကူးကြရာမှ မိန်းကလေးငယ် နှစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

သင်္ကြန်အကျနေ့ ညနေ ၅နာရီခန့်တွင် ၁၂ လမ်းကမ်းနားလမ်းသို့ သင်္ကြန်လည်ပတ်သည့် လူငယ်တစ်စု ရောက်ရှိလာပြီး ရေဆင်းကူးရာတွင် မိန်းကလေးငယ်နှစ်ဦးမှာ ရေနစ်ပျောက်ဆုံးခဲ့ရခြင်း ဖြစ်သည်။

 

ရေနစ်ပျောက်ဆုံးခဲ့သည့် မိန်းကလေး နှစ်ဦးမှ အသက် ၁၄ နှစ်ဝန်းကျင်ခန့်ရှိပြီး ပျောက်ဆုံးခဲ့သည့်နေ့မှစ၍ ၃ ရက်အကြာ ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့တွင် ရုပ်အလောင်းများကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

” သွားတာက သူငယ်ချင်း သုံးယောက်ပေါ့ ကောင်လေးက မနစ်ဘူး ကလေးမလေးနှစ်ယောက်ပဲနစ်တာ၊ ပွဲပေးပြီးရှာနေတာ လုံးဝမတွေ့ဘူး ၃ ရက်နေ့တော့ သူ့ဘာသာသူ ပြန်ပေါ်ခဲ့တာပါ” ဟု မြို့ခံတစ်ဦးမှ CJ Platform ကိုပြောသည်။

 

သေဆုံးခဲ့သည့် မိန်းကလေးတစ်ဦးကို ဧပြီလ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်တွင် ၂၃ လမ်းကမ်းနားအနီးတွင် ပြန်တွေ့ရှိခဲ့ပြီး နောက်တစ်ဦးကိုမူ ၃၆ လမ်းကမ်းနားအနီးတွင် ဧပြီ ၁၆ နံနက်ပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သင်္ကြန်ကာလအတွင်း ညောင်တုန်းမြို့တွင် စစ်ကောင်စီမှ ပြုလုပ်သည့် သင်္ကြန်ဗဟို မဏ္ဍပ်တစ်ခု သာရှိခဲ့ပြီး အာဏာမသိမ်းမီကာလများနှင့် များစွာကွာခြားခဲ့ကာ စည်ကားမှုမရှိကြောင်းလည်း သိရသည်။

 

” အာဏာသိမ်းပြီးထဲက မစည်တော့တာ အရင်ကဆို မဏ္ဍပ်တွေမှ အများကြီး အခုက ဗဟိုမဏ္ဍပ် တစ်ခုပဲရှိတော့တာ ဒီနှစ်ဆို ၂၀ ကျော်လူငယ်တွေပါ မရှိသလောက်ဖြစ်သွားတယ်” ဟု အခြားသော မြို့ခံတစ်ဦးက CJ Platform သို့ ပြောသည်။

 

ပုံစာညွှန်း – အခင်းဖြစ်ပွားရာ နေရာအား မြင်ရပုံ