စစ်တပ်က ဒိုင်လူကြီးအလုပ်မလုပ်ဘဲ လူလွှတ်ဝင်ပြိုင်နေလို့ ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိ မပြောနိုင်ဘူးလို့ ဒေါ်သက်သက်ခိုင်ပြော
စစ်အုပ်စုကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ဟာ ဒိုင်လူကြီးနေရာမှာ နေတာတင်မကဘဲ ရွေးကောက်ပွဲကိုပါ လူလွှတ်ယှဉ်ပြိုင်ခိုင်းနေတာကြောင့် ရွေးကောက်ပွဲ တရားမျှတမှု ရှိမရှိ မပြောနိုင်သေးဘဲ ပွဲပြီးတဲ့အထိ စောင့်ကြည့်ရမယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ ဒေါ်သက်သက်ခိုင်က ပြောကြားလိုက်ပါတယ်။
စစ်အုပ်စုလက်အောက်မှာ မှတ်ပုံတင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ပြည်တွင်းမီဒီယာတစ်ခုနဲ့ တွေ့ဆုံမေးမြန်းမှုမှာ ဒေါ်သက်သက်ခိုင်က အခုလို ပြောကြားလိုက်တာပါ။
“အခင်းအကျင်း ပြောင်းသွားတာက ဒီလိုအခွင့်အရေးတွေ ရှိနေပေမဲ့လည်း တပ်သည် တပ်က တကယ့် လတ်တလော နိုင်ငံ့တာဝန်ကို တော်တော်ကြီးကြီးမားမား ယူထားတဲ့သူတွေက စပြီးတော့မှ ပြည်ခိုင်ဖြိုးပါတီကို ဝင်ပြီးတော့မှ ပြိုင်ကြတယ်လေ။ နောက်တချို့လည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီကို ပို့တယ်လို့လည်း ကြားတယ်။ အဲဒါကတော့ သတင်းကြီးကြီးမားမား မထွက်တော့ ကျွန်မတို့က သိပ်မသိဘူး။ ဆိုတဲ့အခါကျတော့ အခုက အခြေအနေက ဘယ်လိုဖြစ်သွားလဲဆိုတော့ ကျွန်မတို့ ပါတီတွေက အာဏာရ အစိုးရနဲ့ ပြိုင်ရသလို ဖြစ်သွားတယ်။ ပြောချင်တာက Level Playing Field ဖြစ်ဖို့ မဖြစ်တော့တဲ့ သဘော ကျရောက်တာပေါ့နော်။ Level Playing Field မဖြစ်တော့တဲ့ သဘောကျရောက်တယ်”လို့ ဒေါ်သက်သက်ခိုင်က ပြောကြားခဲ့ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီကနေ စစ်တပ်အရာရှိတွေကို စေလွှတ်ယှဉ်ပြိုင်စေဖို့ ဒေါ်သက်သက်ခိုင်က တောင်းဆိုတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပေမယ့် ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ကိုယ်စားလှယ်လောင်းစာရင်းမှာ ဘောင်းဘီချွတ်ကိုယ်စားလှယ်လောင်းလို့ အများက ခေါ်ကြတဲ့ စစ်တပ်ကနေ စေလွှတ်ယှဉ်ပြိုင်သူတွေကိုတော့ မတွေ့ရပါဘူး။
ဒါ့အပြင် ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်ဟာ အခွင့်အရေးအများစုကို ချုပ်ကိုင်ထားတဲ့အပြင် ဒိုင်လူကြီးအလုပ်လုပ်ရမယ့်အစား ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်နေတယ်လို့လည်း ဆိုပါတယ်။
“တကယ်လို့သာ တပ်က ပါတီတွေထဲကို မပို့ဘဲနဲ့ တပ်က တပ်လိုပဲ နေပြီးတော့၊ ပြီးလို့ရှိရင် လတ်တလောလည်း အုပ်ချုပ်နေတဲ့သူဖြစ်တော့ ဒီတပ်မတော်အစိုးရ လက်ထက်မှာပဲ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းတယ်။ ဒီတပ်မတော်အစိုးရ လက်ထက်မှာပဲ ဒီတပ်မတော်အစိုးရကပဲ ရွေးကောက်ပွဲ ဥပဒေတွေ ရေးဆွဲထားတယ်။ ဆိုလို့ရှိရင် ကိုယ်က ပြောမယ်ဆိုရင် ဒိုင်လူကြီး လုပ်နေတာပေါ့နော်။ ဒိုင်လူကြီး လုပ်နေတဲ့နေရာမှာ ဒိုင်လိုပဲ မနေဘဲနဲ့ ဒိုင်လိုလည်း နေတယ်၊ ပြီးလို့ရှိရင် ကိုယ့်လူတွေကိုလည်း နိုင်ငံရေးပါတီတစ်ခု အင်အားကြီးပါတီတစ်ခုကို ပို့လွှတ်ပြီးတော့မှ အပြိုင် ဝင်လည်း ပြိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်က အခုလို မေးခွန်းထုတ်စရာတွေ ဖြစ်သွားတယ်”လို့ ဒေါ်သက်သက်ခိုင်က ဆက်ပြောပါတယ်။
ဒါ့ကြောင့် ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိမရှိကို မေးခွန်းထုတ်ရတော့မယ်လို့ သူမက ဆိုပါတယ်။
“မေးခွန်းထုတ်စရာတွေ ဖြစ်တော့ ကျွန်မအနေနဲ့တော့ လွတ်လပ်ပြီး တရားမျှတမှု ရှိပါတယ်၊ မရှိဘူး ပြောတာထက် ခုနက မေးခွန်းက ယုံကြည်လား မယုံကြည်လားပေါ့။ အဲဒါလည်း ကျွန်မ ကိုယ့်ဟာကိုယ် မေးခွန်းထုတ်ရမှာ ဖြစ်နေတယ်”လို့ သူက ဆက်ပြောပါတယ်။
ဒေါ်သက်သက်ခိုင်ဟာ စစ်တပ်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ် မဖြစ်စေချင်ဘူးလို့ ဆိုပါတယ်။
“တပ်မတော်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ်လိုမျိုး ကျွန်မတို့ မမြင်ချင်ဘူး။ ကျွန်မတို့က ဒါ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ပေါ့။ ပါတီဥက္ကဌအနေနဲ့ ပြောတာ မဟုတ်ဘူး၊ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ တပ်မတော်ကို နိုင်ငံရေးပါတီတစ်ခုရဲ့ လက်ကိုင်တုတ်အနေနဲ့ မမြင်ချင်ဘူး”လို့ ဒေါ်သက်သက်ခိုင်က ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဌဖြစ်သူ ဒေါ်သက်သက်ခိုင်ဟာ ကြွေးမြီတွေကြောင့် ကိုယ်စားလှယ်လောင်းအရည်အချင်း ပျက်ယွင်းတယ်ဆိုကာ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ရုပ်သိမ်းခြင်း ခံထားရသူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – လူမှုကွန်ရက်
