အုပ်ချုပ်ရေးမှူးရှင်းလင်းခံရပြီးနောက် ကိုယ့်ဘာသာ အုပ်ချုပ်ရေးမှူးတက်လုပ်နေတဲ့ ရာအိမ်မှူး ရှင်းလင်းခံရ

Published on Jun 01, 2024

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဓါးသွေးကျောက်အုပ်စု အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရပြီးနောက် အုပ်ချုပ်ရေးမှူးကိုယ်စား ဝင်ရောက်လုပ်ဆောင်နေတဲ့ ရာအိမ်မှူး ဦးအောင်ဝင်းကို မေလ ၃၁ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်မှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၃) Wisdom(2)အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့  သိရပါတယ်။

 

“ ပထမ အုပ်ချုပ်ရေးမှူးကို ကျွန်တော်တို့ ရှင်းလိုက်ပြီ ပြီးခဲ့တဲ့နှစ်က သူက ခုကိုယ်စားဝင်လုပ်နေတာ ၆ လလောက်ရှိပြီ ရာအိမ်မှူးလုပ်နေတာကတော့ ကြာပြီ နှစ်နှစ်လောက်ရှိပြီ နောက်ထပ်အုပ်ချုပ်ရေးမှူးမတင်ဘဲ သူပဲလုပ်နေတာပေါ့ သူ့ကြောင့် ရဲဘော် သုံးဦးအဖမ်းခံရတယ် တစ်ဦးကတော့ စစ်ကြောရေးမှာ ကျသွားတယ်” လို့ အဆိုပါ တပ်ဖွဲ့ရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

 

ဦးအောင်ဝင်းဟာ သူတာဝန်ယူထားရတဲ့ နယ်မြေမှာ တစ်ပတ်တစ်ခါ လောင်းကစားဝိုင်းတွေကို ဖွင့်လှစ်ပေးနေပြီး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းကာ လုပ်ဆောင်နေသူဖြစ်တယ်လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

 

သေဆုံးအလောင်းကို ဇွန်လ ၁ ရက်နေ့ မနက် ၉ နာရီခန့်မှာ သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက နာရေးကားနဲ့ လာရောက်သယ်ဆောင်သွားပြီးနောက် ဓားသွေးကျောက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ သဲကုန်းရဲစခန်းက ရဲတွေ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ဒါ့အပြင် ပဲခူးတိုင်း၊ပြည်ခရိုင်၊သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု၊ အင်ပင်လှရွာနေအုပ်ချုပ်ရေးမှူးမျိုးထွန်းကို မေလ ၂၃ ရက်နေ့၊ မနက် ၆ နာရီခွဲ အချိန်ခန့်မှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ(၃) Wisdom(2)အဖွဲ့ မှ သူရဲ့ နေအိမ်အနီးလမ်းမပေါ်မှာ ခတ်ရှင်းလင်းခဲ့လို့ နေရာတင်ပွဲခြင်းပြီးသေဆုံးခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ပေးပို့